တရားဝင်ထုတ်ပြန်မှသာ မြိတ်-ထားဝယ်လမ်းကိုသွားလာရန် တိုက်တွန်း

တရားဝင်ထုတ်ပြန်မှသာ မြိတ်-ထားဝယ်လမ်းကိုသွားလာရန် တိုက်တွန်း
ပုံ- မြိတ်သတင်းနှင့်ဓာတ်ပုံ
ပုံ- မြိတ်သတင်းနှင့်ဓာတ်ပုံ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ် ကားလမ်းပိုင်း အသုံးပြုမှုနှင့်ပတ်သတ်၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တစ်စုံတစ်ရာထုတ်ပြန်လာမှသာ အသွားအလာလုပ်ဆောင်ကြရန် ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းမှ မဟာမိတ်ဆက်ဆံရေးမှူး ကိုမင်းထက်က တိုက်တွန်း ပြောဆိုသည်။

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်လမ်းပိုင်းတွင် တိုက်ပွဲအပြင် စစ်ကော်မရှင်ဘက်မှ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်နေခြင်းကြောင့် လုံခြုံရေးအခြေအနေအရ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ယနေ့အထိ ‌ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသဖြင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ ယနေ့အထိ ပိတ်မိနေဆဲ ဖြစ်သည်။

လမ်းပိတ်ထားစဉ် ယာဉ်မောင်းနှင့်ခရီးသည်အချို့ နှစ်ဖက်ပစ်ခတ်မှုကြား ထိခိုက်ဒဏ်ရာရရှိခြင်း၊ လူပျောက်ဆုံးမှုများလည်း ဖြစ်နေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တရားဝင်ထုတ်ပြန်ချက်များကို စောင့်ဆိုင်း၍ သွားလာရန် အထက်ပါ မဟာမိတ်ဆက်ဆံရေးမှုးက တိုက်တွန်းသည်။

“ သွားလို့လာလို့ရတဲ့အခြေအနေက အင်မတန် နည်းသေးတယ်ပေါ့နော်။ ဒေသခံပြည်သူတွေ အားလုံး အခက်အခဲဖြစ်နေတယ်ဆိုတာသိပါတယ် လမ်းတလျှောက်မှာ တိုက်တွေ အပြင်းအထန်ဖြစ်နေတာမို့လို့ပါ တော်လှန်ရေးတပ်ဖွဲ့တို့ဘက်ကနေ တရားဝင်ကြေညာချက်ထုတ်ပြန်တော့မှဘဲ အသွားအလာလုပ်စေချင်တယ် မဟုတ်ရင် ပြည်သူလူထုတွေအတွက် အန္တရာယ်များလွန်တယ်” ဟု ကိုမင်းထက်က ဆိုသည်။

တိုက်ပွဲများပြင်းထန်၍ လမ်းပိတ်ထားစဉ် အသက် ၂၀ ဝန်းကျင် မြိတ်ဒေသခံလူငယ်နှစ်ဦး တစ်လကျော်ကြာသည်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်းလည်း သိရသည်။

မြိတ်-ထားဝယ် အမှတ်(၈) လမ်းမကြီးပေါ်ရှိ ဝင်းဝတပ်စခန်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ရာ မတ်လ ၁၁ ရက်နေ့တွင် အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့သည့်အချိန်မှစ၍ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေသည်။

ဝင်းဝစခန်းသိမ်းတိုက်ပွဲမှ ဆုတ်ခွာထွက်ပြေးလာသည့် စစ်ကော်မရှင်စစ်ကြောင်းအဖွဲ့များ ပင်လယ်ဘက်ရှိ ရေတပ်သို့ ဆုတ်ခွာထွက်ပြေးရန် လေကြောင်းဖြင့် ဆက်တိုက်ပစ်ကူတိုက်ခိုက်နေသည်။

လက်ရှိဖြစ်ပွားနေသည့် လေကြောင်းတိုက်ခိုက်မှုသည် မကြုံဖူးသည့် တိုက်ခိုက်ခံရမှုအခြေအနေများဖြစ်သည်ဟု သရက်ချောင်းဒေသခံတစ်ဦးက ဆိုသည်။

“ပိတ်ထားတဲ့လမ်းက အခုဖွင့်သွားရင်တောင် ဘယ်သူမှ သွားလာရဲမှာမဟုတ်ဘူး။ ဘာလို့ဆို တစ်ခါမှ မကြုံဖူးဘူး။ နေ့တိုင်းဗုံးလာကြဲတယ်။ သွားဖို့အတွက် အတော်အန္တရာယ်များတယ်။ အနည်းဆုံး တစ်နေ့ နှစ်ခါ လေယာဉ်နဲ့လာကြဲတာ။ အစက သုံးလေလုံးလောက်ပဲ ကြဲပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းသိမ်းလိုက်ပြီးနောက်မှာ ဗုံးတွေလိုက်ကြဲနေတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဝင်းဝစခန်းသိမ်းတိုက်ပွဲနောက်ပိုင်း ဂုံညှင်းဆိပ်ကျေးရွာနှင့် အနီးတစ်ဝိုက်ကိုစစ်ကော်မရှင်မှ တစ်ရက်အတွင်း ဗုံးအလုံးရေ ၅၀ ကျော်အထိ ကြဲချတိုက်ခိုက်နေသည်။

စစ်ကော်မရှင်အဖွဲ့၏ နေ့စဉ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က သရက်ချောင်းမြို့နယ် အောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံ အမျိုးသား ၁ ဦး အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပိတ်ဆို့ထားသည့်လမ်းပိုင်းနှင့် ဖြတ်တောက်ထားသည့် ဖုန်းလိုင်းများကို နယ်မြေရှင်လင်းရေး လုပ်ဆောင်မှုအပြီးတွင် ပြန်လည်အဆင်ပြေစေရေး အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးမည်ဟု တော်လှန်ရေးတပ်ဖွဲ့မှ IMNA သို့ ပြောကြားသည်။

March 21, 2026
မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ယမန်နေ့ရွေးချယ်ခဲ့သည့် လွှတ်တော်ဥက္ကဋ္ဌနေရာတွင် ကြံ့ခိုင်ရေးပါတီ...
March 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာကျေးရွာအချို့တွင်...
March 19, 2026
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု ပျဉ်သားရွာ၊ ရွှေလုပ်ကွက်အနီးတွင်...
March 18, 2026
မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းကာလအတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် အရပ်သားပြည်သူ ၆၅၀ ဦး...