ဘဝစာမျက်နှာသစ် ဆီသို့ စလှမ်းတော့မယ် ဒုက္ခသည်တွေ

ဘဝစာမျက်နှာသစ် ဆီသို့ စလှမ်းတော့မယ် ဒုက္ခသည်တွေ

နန်းဝေဖြိုးဇာ — မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ထိုင်း-မြန်မာ နယ်စပ်၊ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေဟာ နှစ် ၄၀ ကျော်အတွင်းမှာ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်ကို ထိုင်းအစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အရင်က ဒုက္ခသည်တွေဟာ နိုင်ငံတကာ အလှူရှင်တွေက ပေးတဲ့ ရိက္ခာနဲ့သာ ရှင်သန်နေထိုင်ခဲ့ရပြီး စခန်းအပြင် ထွက်ဖို့ဆိုတာ လူမှုရေးကိစ္စအတွက် ခွင့်ပြုချက်ယူပြီး တစ်ပတ်ခန့်သာ စခန်းအနီးမြို့များကို သွားလာခွင့်ရှိတာပါ။

ဒါ့အပြင် စခန်းအနီးက စိုက်ခင်းတွေနဲ့ အခြားအထွေထွေအလုပ်တွေ ထွက်လုပ်တာရှိခဲ့ပေမဲ့ နားလည်မှုနဲ့ ထွက်လုပ်ရပြီး သင့်တင့်တဲ့ လုပ်အားခမရတာတွေလည်း အရင်က ရှိခဲ့ပါသေးတယ်။

ဒီလိုအခြေအနေတွေဟာ အခုတော့ တစ်ခန်းရပ်ပြဇာတ်လို ဖြစ်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

အခုနှစ်ထဲ ကမ္ဘာ့နိုင်ငံတွေရဲ့ အခြေအနေနဲ့ အမေရိကန် သမ္မတရဲ့ ပေါ်လစီ အပြောင်းအလဲတွေကြောင့် ဒုက္ခသည် စခန်းက ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဖြတ်တောက် ရပ်ဆိုင်းခံခဲ့ရပါတယ်။

ဒီလိုအခြေအနေတွေမှာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ အလုပ်သမားလိုအပ်ချက်ရှိလာတာ၊ အရင်ကတည်းကလည်း ဒုက္ခသည်တွေက တရားဝင်အလုပ်လုပ်ခွင့်ရဖို့ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့တာနဲ့ နယ်စပ်မှာရှိတဲ့ ကရင်လူမှုအဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းကူညီမှုတွေနဲ့အတူ အခုတော့ ဒုက္ခသည်တွေ ထိုင်းမှာ တရားဝင် အလုပ်လုပ်ခွင့် ရရှိခဲ့ပါတယ်။

အခုလထဲမှာလည်း ထိုင်းက စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်းများက ဒုက္ခသည်စခန်းတွေထဲမှာ အလုပ်အတွက် လူတွေ အင်တာဗျူးရွေးတာ၊ တရားဝင် အလုပ်လုပ်ခွင့် ပါမစ်အတွက် ဆေးစစ်တာ စတာတွေ ဆက်တိုက် လုပ်ဆောင်လာနေပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဒုက္ခသည်တွေရဲ့ တရားဝင်လုပ်ငန်းခွင် ခြေလှမ်းတွေ ရုပ်လုံးပေါ်လာပြီး မကြာမီ လုပ်ငန်းခွင်ထဲကို ရောက်သွားတော့မှာ ဖြစ်ပါတယ်။

ဒါက ဒုက္ခသည်တွေအတွက် ပထမဦးဆုံး တရားဝင် အခွင့်အလမ်းကောင်းတစ်ခုလို့ ပြောနိုင်သလို အခြားအလုပ်သမားနည်းတူ အခွင့်အရေး ရရှိလာမှာ ဖြစ်ပါတယ်။

အခုလို ခံစားခွင့်ရမှာဖြစ်လို့ ဒုက္ခသည်အတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်တယ်လို့ ကရင်ဒုက္ခသည်များ ကော်မတီ(KRC) ဥက္ကဌ စောရောဘတ်ထွေးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ လကုန်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုက စခန်းတာဝန်ရှိသူတွေနဲ့ ကရင်ဒုက္ခသည်ကော်မတီ၊ ကရင်နီဒုက္ခသည်ကော်မတီဝင်တို့ဟာ ထိုင်းလုပ်ငန်းရှင်တွေရဲ့ ဖိတ်ခေါ်ချက်အရ အလုပ်လိုအပ်တဲ့ လုပ်ငန်းခွင်နေရာကို သွားလေ့လာခွင့် ရခဲ့ပါတယ်။ ဒီခရီးစဉ်မှာ လုပ်ငန်းခွင် အခြေအနေ၊ နေရာထိုင်ခင်း စတဲ့ အခြေအနေတွေကို လေ့လာခဲ့ကြတာပါ။

“ကျနော်တို့ သွားကြည့်တာ စခန်းတာဝန်ရှိသူတွေပါတော့ သူတို့လည်း ပြောပါတယ်။ သွားကြည့်တဲ့ အလုပ်တွေထဲမှာ ဒုက္ခသည်စခန်းက လူတွေက အကုန်လုပ်တတ်တဲ့ အလုပ်ဖြစ်တယ်။ စခန်း တစ်ခုပြီး တစ်ခု အလုပ်သွားလုပ်မယ့် လူတွေကို ပြန်စုမယ်။ သွားလို့ရရင် သွားကြပါ။ လုပ်ကြည့်ပါ။ ကောင်းကောင်းလုပ်ရင်တော့ ပိုက်ဆံများများ ရလာမှာပဲ။ ပြီးတော့ ကျန်တဲ့လူတွေကို သူတို့ထပ်ခေါ်ဖို့ အခွင့်အရေးရလာမယ်”လို့ KRCဥက္ကဌ စောရောဘတ်ထွေးက ပြောပါတယ်။

စခန်းတာဝန်ရှိသူတွေ သွားလေ့လာခဲ့တဲ့ လုပ်ငန်းခွင်တွေကတော့ ထိုင်းနိုင်ငံ ဆာကဲခရိုင်ထဲက ကြံစိုက်ခင်းလုပ်ငန်း၊ ချန်ထဘူရီခရိုင်က လန်းမယိုင်းစိုက်ခင်းနဲ့ အားကစား အထည်ချုပ်စက်ရုံလုပ်ငန်း၊ ကန်ချနဘူရီခရိုင်ရှိ Sumitomo လျှပ်စစ်မီးကြိုးနဲ့ ကားအပိုပစ္စည်း ထုတ်တဲ့ ကုမ္မဏီများကို သွားရောက် လေ့လာ ကြည့်ရှုခဲ့တာပါ။

Sumitomo လျှပ်စစ်နှင့် ကားအပိုပစ္စည်းကုမ္ပဏီက အလုပ်သမား အယောက် ၅၀၊ အားကစားအင်္ကျီထုတ်တဲ့ ကုမ္ပဏီက အလုပ်သမား အယောက် ၃၅၀ လိုအပ်တဲ့အပြင် ဘန်ကောက်က အလုပ်ရုံမှာလည်း အလုပ်သမား အယောက် ၃၀၀ လိုအပ်နေပါတယ်။

လူတိုင်း သွားရောက်လုပ်ကိုင်နိုင်တဲ့ ကြံစိုက်ခင်းမှာ အလုပ်သမား အယောက် ၁၀,၀၀၀ အထိ လိုအပ်နေပြီး လမ်းမယိုင်း ခြံလုပ်ငန်းမှာလည်း အယောက် ၁,၀၀၀ လိုအပ်တယ်လို့ သွားရောက်လေ့လာခဲ့တဲ့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံထဲမှာ အလုပ် တရားဝင်ခွင့်ပြုလိုက်တဲ့ ဒုက္ခသည်များထဲမှာ စခန်းထဲမှာရှိတဲ့ လူအားလုံး သွားရောက် အလုပ်လုပ်လို့ မရသေးပါဘူး။ သက်မှတ်ချက်နဲ့ ကိုက်ညီသူတွေသာ အလုပ်လုပ်ခွင့် ရမှာပါ။

ဦးဆုံးအနေနဲ့က ဒုက္ခသည်စာရင်းဝင် MOI စာရင်းရှိထားတဲ့ လူတွေသာ အလုပ်သွားလုပ်ခွင့် ရဦးမှာပါ။ ဒီစာရင်းဟာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ကောက်ယူထားတဲ့ ဒုက္ခသည်လူဦးရေစာရင်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်က နောက်ဆုံးကောက်ယူထားတာ ဖြစ်ပါတယ်။

အဲ့ဒါအပြင် ကျန်းမာရေးစစ်ဆေးပြီး အာမခံ ထားရမှာ ဖြစ်ပါတယ်။ ဒါတွေမကပဲ ဒုက္ခသည်စခန်းရှိတဲ့ မြို့နယ် ရုံးမှာ ထောက်ခံစာ တစ်စောင်လိုအပ်မှာဖြစ်သလို အလုပ်ခေါ်တဲ့ သူဌေးလာရောက်ခေါ်မှ ရရှိမှာဖြစ်ပါတယ်။

သို့သော်လည်း အဲဒီထောက်ခံချက် စာရွက်စာတမ်း၊ ကျန်းမာရေးအာမခံချက်တွေရရှိဖို့က ကုန်ကျစရိတ် လိုအပ်သလို ကုန်ကျစရိတ်နဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ တိတိကျကျ မသိရသေးဘူးလို့လည်း နို့ဖိုးဒုက္ခသည်စခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အဲဒီကုန်ကျစရိတ်တွေက အခုထိ တိတိကျကျ၊ သေသေချာချာ မသိရသေးဘူး။ ဘာလို့လဲဆိုရင် ကျနော်တို့ အလုပ်နေရာသွားကြည့်တုန်းကတော့ အလုပ်ရှင်သူဌေးပြောတာက ကျန်းမာရေးစစ်ဆေးတာတွေက ၁,၀၀၀ ဘတ်ကုန်မယ်။ စခန်းကလူတွေ ပိုက်ဆံမရှိတော့သူဌေးတွေက အရင်ထုတ်ပေးမယ်။ နောက်မှပြန်နှုတ် သွား မယ်လို့ပြောတယ်” လို့ ဆိုပါတယ်။

ပထမဦးဆုံးအနေနဲ့ အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းက ဒုက္ခသည်အချို့ကို စတင်ခေါ်ယူ နေပြီးဖြစ်သလို လျှပ်စစ်ပစ္စည်းနဲ့ ကားအပိုပစ္စည်း စက်ရုံမှာ သွားလုပ်မယ့်သူတွေကို အလုပ်ရှင် သူဌေးဘက်က ဒုက္ခသည်စခန်းအထိ လာရောက်ခေါ်ယူမှာ ဖြစ်ပါတယ်။

ကြံခြံနဲ့ လမ်းမယိုင်းခြံမှာ သွားလုပ်မယ့် အုပ်စုက အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထွက်မှာဖြစ်သလို လျှပ်စစ်နဲ့ ကားအပိုပစ္စည်း ထုတ်လုပ်တဲ့ အဖွဲ့က နိုဝင်ဘာလမှ စတင်ထွက်မယ်လို့လည်း မယ်လဒုက္ခသည် စခန်း တာဝန်ခံ စောဆန်းဒေးက ဆိုပါတယ်။

“ထွက်မယ့်လူတွေက သူတို့က ဆေးစစ်ရတဲ့လူတွေရှိတယ်။ ဆေးစစ်တဲ့အချိန်မှာ ဘယ်နှစ်ယောက် အောင်မလဲတော့မသိဘူး။ MOI စာရင်းရှိတဲ့လူတွေကို အရင်ဦးစားပေးမယ်။ ဒါပေမယ့် MOIစာရင်း မရှိတဲ့လူတွေကလည်း အားငယ်စရာမလိုဘူး အခွင့်အရေးက တစ်ဆင့်ဆင့်လာမယ်” လို့ စောဆန်းဒေးက ပြောပါတယ်။

အပြင်အလုပ်ထွက်လုပ်မယ့် ဒုက္ခသည်တွေကို ထိုင်းအလုပ်ရှင်လာခေါ်မှ သွားရမှာဖြစ်တာကြောင့် ကိုယ်လုပ်ချင်တဲ့ အလုပ်ကို စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်မရှိဘူးလို့လည်း မယ်လဒုက္ခသည်စခန်းက နော်ကပေါ်က ဆိုပါတယ်။

“ဒုက္ခသည်တွေကို အပြင်ထွက်အလုပ်လုပ်ခွင့်ပေးတာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်သွားလုပ်ချင်တဲ့ အလုပ်တော့မရဘူးပေါ့။ အခုအလုပ်ခေါ်တာက အနီးဝန်းကျင်တစ်ခုမှမဟုတ်ဘူး။ အဝေးနေရာသက်သက်ပဲ။ နောက်ပြီး အနီးဝန်းကျင်မှာ ပြောင်းဖူးချိုးနေ့စားသွားလုပ်တဲ့လူတွေရှိတာပဲ။ သူတို့လည်း အပြင်ထွက်လုပ်ရင် အထောက်အထားလိုတာပဲ။ ဒီလို နေ့စားထွက်လုပ်မယ့်သူတွေအတွက်ပါ စဉ်းစားပေးရင်ကောင်းမယ်။ “လို့ သူမက ပြောပါတယ်။

လုပ်ငန်းခွင်ထဲကို အလုပ်ဝင်ရောက်မယ့် ဒုက္ခသည်တွေမှာ အလုပ်လုပ်ခွင့် သက်တမ်း တစ်နှစ် ရရှိမှာဖြစ်သလို သက်တမ်းပြည့်သွားရင် ထပ်မံ သက်တမ်း တိုးရမှာဖြစ်ပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ မယ်လဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာ စိုက်ပျိုးရေးခြံအသီးသီးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်ငန်းခွင်ဝင်ဖို့ စုစုပေါင်း ၁၄၅ ယောက် စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒါဟာ ဒုက္ခသည်တွေရဲ့ အောင်မြင်မှုများဆီလျှောက်လှမ်းမယ့် ဘဝစာမျက်နှာသစ် ပဲ ဖြစ်ပါတယ်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...