ဗန်းမော် ရှေ့တန်းကာကင်း တပ်စခန်းတစ်ချို့ပြန်သိမ်းနိုင်ပြီး ဗျူဟာမြောက်တဲ့ တပ်နေရာတွေမှာ တိုက်ပွဲဆက်ဖြစ်နေ

ဗန်းမော် ရှေ့တန်းကာကင်း တပ်စခန်းတစ်ချို့ပြန်သိမ်းနိုင်ပြီး ဗျူဟာမြောက်တဲ့ တပ်နေရာတွေမှာ တိုက်ပွဲဆက်ဖြစ်နေ

ဗန်းမော်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က လက်လွတ်ထားတဲ့ ရှေ့တန်းကာကင်းတပ်စခန်းတစ်ချို့ကို ပြန်လည်နေရာရယူနိုင်ပြီး အရေးပါတဲ့ ဗျူဟာမြောက်တပ်နေရာ ၃ နေရာလောက်မှာ တိုက်ပွဲ ဆက်ဖြစ်နေသေးတယ်လို့ KIO ပြောပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ နောက်ပိုင်းဖြစ်တဲ့ တိုက်ပွဲမှာ ခလရ ၄၇ တပ်ရင်းရဲ့ အနောက်ဘက်ခြမ်း လုံခြုံရေးရယူထားတဲ့ ကာကင်းတပ်စခန်းတစ်ခု၊ ဗန်းမော်ကနေ မိုးမောက်ဘက်ကိုသွားတဲ့ ၂ မိုင်ခန့်အကွာရှိတဲ့ ရွှေပြည်သာ KBC ဘုရားကျောင်းဝင်းနေရာတစ်လျှောက် ပြန်လည်နေရာယူထားနိုင်တယ်လို့ 

KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကို ပြောပါတယ်။

“ပြီးခဲ့တဲ့အပတ်ကနေ ပြန်ဖြစ်တဲ့တိုက်ပွဲမှာ ခလရ ၄၇ တပ်ရင်းရဲ့ ကာကင်းတစ်ခုကို ပြန်ရတယ်။ ပြီးရင် ဗန်းမော်ကနေ မိုးမောက်ဘက်ကို တက်သွားတဲ့ ၂ မိုင်ပတ်လည်က ထောက်ပို့တပ်တို့၊ နောက် KBC ဘုရားကျောင်းဝင်း နေရာတွေမှာ တိုက်ပွဲဖြစ်ခဲ့တဲ့တယ်။ အဲ့နေမှာလည်း KBC ဘုရားကျောင်းဝင်းမှာ ပြန်ပြီးနေရာယူနိုင်ထားတာတွေရှိတယ်။ အခုနောက်ဆုံးကြားတာက သံချပ်ကာတပ် အဝင်ပေါက်နားတွေမှာ တိုက်ပွဲက ဆက်ဖြစ်နေပါသေးတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ အရေးပါတဲ့ တပ်နေရာအကြီးတွေကို သိမ်းယူနိုင်ခြင်းမရှိသေးပေမယ့် ခလရ ၄၇ တပ်၊ ၂ မိုင်အကွာရှိ ထောပ်ပို့ နေရာနဲ့ သံချပ်ကာတပ် အဝင်ပေါက်နေရာတွေမှာ နှစ်ဖက်တပ် ဆက်ပြီးတိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်တပ်ဘက်ကနေ KIA ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ ဘက်ကို စစ်ကြောင်း သုံးကြောင်းခန့်နဲ့ စစ်မျက်နှာပြင်ဖွင့် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပြင် လေကြောင်းကနေလည်း တစ်ရက်ကို သုံးကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပြပါတယ်။

စက်တင်ဘာလထဲမှာပဲ စစ်ရေးအတွက် အရေးပါတဲ့ တပ်နေရာတစ်ချို့ကို KIA ကလက်လွတ်လိုက်ရပေမယ့် စစ်ကြောင်းဝင်လာတဲ့ လမ်းကြောင်းနေရာတွေကို ပိတ်ဆို့ပြီး ခုခံတိုက်ခိုက်တဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို ကာကင်းတပ်စခန်းတစ်ချို့ကို ပြန်လည်သိမ်းယူနိုင်တာဖြစ်ပါတယ်။

KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ ဗန်းမော်တိုက်ပွဲဟာ မြေပြင်တိုက်ပွဲမှာ စစ်တပ်နေရာသာမက၊ မြို့တွင်း၊ မြို့ပြင် နေရာအသီးသီးမှာ စစ်မျက်နှာပြင်အများအပြားနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ ပြောပါတယ်။

“နှစ်ဖက်တပ်ရဲ့ အင်းအားတွေက နည်းနည်းပါးပဲမဟုတ်ဘူးများတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာချင်းလည်းမတူကြဘူး။ နေရာကျယ်တော့လေ တစ်ခါတစ်လေကျရင် ဗမာစစ်သားတွေက ဘယ်နားမှာရှိနေမှန်းမသိရဘူး။ ဒီနေ့က ဒီဘက်ဖြစ်ရင် မနက်ဖြန်ကျရင် တစ်ဖက်ကို ပြန်ရောက်သွားပြီ။ ဒီရက်ပိုင်းဆို ကျနော်တို့ရှိတဲ့ ၂ မိုင်လမ်းဘက်မှာပိုပြီး ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ လေယာဉ်ကွင်းရှိတဲ့ လမ်းမကြီးတစ်လျှောက်ပေါ့” လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးပြောပါတယ်။

KIA နဲ့ တော်လှန်ရေးတပ်တွေက အမှတ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်ရင်း နှစ်ခုအပါ သိမ်းပိုက်ထားတဲ့ နေရာတစ်ချို့ကို စက်တင်ဘာလအတွင်းမှာပဲ လက်လွတ်လိုက်ရတာဖြစ်ပါတယ်။

တပ်နေရာတစ်ချို့ကို လက်လွတ်လိုက်ရတဲ့နောက် စက်တင်ဘာလ ၂၀ ရက်နေ့ နောက်ပိုင်း လေယာဉ်ကွင်းနေရာနဲ့ မနောကွင်းနေရာတွေမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လမတိုင်မှီအထိ စစ်ရှုံးနေတဲ့ စစ်တပ်က မန္တလေးကနေ စစ်လက်နက်၊ ရိက္ခာပစ္စည်းတွေကို စစ်သင်္ဘော အစီး ၂၀ ကျော်နဲ့ သယ်ယူနိုင်ခဲ့ပြီး စစ်တပ်ဘက်ကနေ တန်ပြန်ထိုးစစ်ဆင်ကာ KIA သိမ်းပိုက်ထားတဲ့နေရာတွေကို တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...