ဘီးလင်းတွင် ဆည်မြောင်းက ရေမပေးသည့်အတွက် နွေစပါး ဧက ရာနှင့်ချီ ပျက်ဆီးဆုံးရှုံး

ဘီးလင်းတွင် ဆည်မြောင်းက ရေမပေးသည့်အတွက် နွေစပါး ဧက ရာနှင့်ချီ ပျက်ဆီးဆုံးရှုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဆည်မြောင်ဦးစီးဌာနမှ ရေမပေးသည့်အတွက် ဘီးလင်းမြို့နယ် အနောက်ပိုင်းရှိ နွေစပါးစိုက်ပျိုးထားသည့် လယ်ဧက ရာနှင့်ချီ ပျက်ဆီး‌ဆုံးရှုံးမှုရှိခဲ့ကြောင်း ဒေသခံ နွေစပါးစိုက်တောင်သူတို့၏ ပြောကြားချက်များအရ သိရသည်။

ဘီးလင်းမြို့နယ်၊ ဆည်မြောင်းဦးစီးဌာနက နွေးစပါးအတွက် မြစ်ရေတင်စီမံကိန်းမှတဆင့် ရေပေးဝေသွားမည်ဆိုသည့်အတွက် တောင်သူများ နွေစပါး တိုး၍ စိုက်ပျိုးခဲ့ကြသည့်အပြင် မြို့နယ် ဆည်မြောင်းဦးစီးမှူး ဦးချစ်ဦးကိုလည်း လယ်တစ်ဧကလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ပေးခဲ့ကြရကြောင်း ဇွဲကလာကျေးရွာမှ နွေစပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

“ဒီနှစ်မှာ ဆည်မြောင်းဦးစီးဌာနက မြစ်ရေတင်စီမံကိန်းကနေလည်း ရေပေးဝေရေး လုပ်ဆောင်ပေးသွားမယ်ပြောလို့ လယ်သမားတွေကလည်း ယုံကြည်ပြီးတော့ ချောင်း၊ မြောင်းနဲ့ဝေးတဲ့ လယ်တွေမှာပါ နွေစပါးကို စိုက်ကြတယ်။ အခု ဇန်နဝါရီလ ၂၂ ရက်နေ့အထိ ဆည်မြောက်ဦးစီးဌာနကနေ ဘာရေမှ မပေးဘူး။ အဲ့ဒီတော့ စပါးပင်တွေအကုန် ရေငတ်ပြီး ပျက်ဆီးကုန်တယ်” ဟု ၎င်းတောင်သူက ပြောသည်။

နွေစပါးစိုက်ပျိုးရန်အတွက် တစ်ဧက ကုန်ကျစရိတ်သည် ကျပ် ၁၄ သိန်းကနေ ကျပ် ၁၅ သိန်းအထိရှိကြောင်း နွေစပါးစိုက်တောင်သူတို့က ပြောသည်။

လက်ရှိတွင် တောင်သူများက ထယ်ထိုးပြီး၊ စပါးမျိုးကြဲထားသည့်အပြင် ဓါတ်မြေဩဇာလည်း ကြဲပက်ထားပြီးဖြစ်သော်လည်း ရေမရသည့်အတွက် စပါးပင်များ ရေငတ်ပြီး သေလုနီးပါးဖြစ်နေကြောင်း လယ်သမားများအတွက် ဆုပ်လည်းစူး၊ စားလည်းရူးအခြေအနေ ဖြစ်နေကြောင်းလည်း အထက်ပါတောင်သူက ဆိုသည်။

တချို့လယ်သမားတို့က ပိုက် သုံးလေးဆင့်သွယ်ပြီး ရေစုပ်စက်ဖြင့် ရေသွယ်နေကြရသည့်အတွက်ကြောင့် ပိုက်ဖိုး၊ စက်သုံးဆီဖိုးနှင့် ရေစက်ငှားခအတွက် အပိုကုန်ကျနေရသည်ဟု ဘီးလင်းမြို့နယ် အနောက်ပိုင်းမှ နွေစပါးစိုက်တောင်သူတို့၏ ပြောကြားချက်များအရ သိရသည်။

“ဘီးလင်းအနောက်ဘက်ကွင်းတွေထဲက ချောင်းမြောင်းတွေကလည်း ကောနေကုန်ပြီး။ ပင်လယ်ရေတက်တဲ့ ဆည်မြောင်းဦးစီးဌာနကလည်း လာပြီး ချောင်းကော မြောင်းကော တူးပေးတာမျိုး မရှိဘူး” ဟု အနိုင်းပွန်ကျေးရွာမှ နွေစပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

၎င်းပြင် ရေတံခါးများလည်း မလုံသည့်အတွက်ကြောင့် ရေချိုများ ပင်လယ်ထဲသို့ စီးဝင်ကုန်သည့်အပြင်၊ ပင်လယ်ရေတက်လာပါကလည်း လယ်ကွင်းများထဲ ဆားငံရေများ ဝင်လာကြသည့်အတွက်ကြောင့် လယ်များ ပျက်ဆီးမှုများလည်းရှိခဲ့သည်ဟု ဆိုသည်။

ဘီးလင်းမြို့အနောက်ဘက် ဇွဲကလာ၊ ဇုတ်ကလိ၊ အနိုင်းပွန်၊ သစ်တိုကျွန်း၊ တောင်ကလေး၊ နှင်းပုလဲ အစရှိသည့် ကျေးရွာအုပ်စုများအတွင်း စိုက်ပျိုးထားသည့် နွေစပါး ဧက ရာနှင့်ချီကာ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ရေ ဆက်မရရှိပါက ဧကထောင်နှင့်ချီကာ ပျက်ဆီးနိုင်ကြောင်းလည်း တောင်သူများက ဆိုသည်။

ယမန်နှစ်က မြစ်ရေတင်စီမံကိန်းမှ ရေပေးဝေမှုကြောင့် တောင်သူများစိုက်ပျိုးထားသည့် နွေစပါးများ ရေလုံလောက်စွာ ရရှိကြသည့်အတွက်ကြောင့် နွေစပါး ဖြစ်ထွန်းအောင်မြင်ခဲ့ကြောင်းလည်း တောင်သူများ၏ ပြောကြားချက်များအရ သိရသည်။

March 24, 2026
ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ဆက်တိုက်ကျဆင်းလာနေပြီး မတ်လ ၂၃ ရက်နေ့တွင် ၁၆...
ပုံ- မြိတ်သတင်းနှင့်ဓာတ်ပုံ
March 23, 2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ် ကားလမ်းပိုင်း အသုံးပြုမှုနှင့်ပတ်သတ်၍...
March 21, 2026
မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ယမန်နေ့ရွေးချယ်ခဲ့သည့် လွှတ်တော်ဥက္ကဋ္ဌနေရာတွင် ကြံ့ခိုင်ရေးပါတီ...
March 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာကျေးရွာအချို့တွင်...