ထားဝယ်တွင် လူငယ် ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

ထားဝယ်တွင် လူငယ် ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်တပ် စစ်ကြောင်းက ဒေသတွင်း ကြားကာလပညာရေးနှင့် စစ်ဘေးရှောင်အရေး လုပ်ဆောင်နေသည့် လူငယ်သုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

စစ်တပ်စစ်ကြောင်း ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် လူငယ်သုံးဦးမှာ The Ants Humanitarian Aids Team မှ အဖွဲ့ ခေါင်းဆောင် ကိုအယ်သာ၊ အဖွဲ့ဝင် ကိုမြတ်သူနှင့် ဘဏ္ဍာရေးတာဝန်ခံ ကိုလီယွန်တို့ ဖြစ်ကြကြောင်း တနင်္သာရီ ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် MAGGA Initiative (MI) က ထုတ်ပြန်ထားသည်။

အင်အား ၁,၀၀၀ နီးပါးရှိသည့် စစ်တပ်စစ်ကြောင်းသည် ဇူလိုင်လ ၉ ရက်နေ့ကစတင်ကာ ထားဝယ် အထူးစီးပွား ရေးဇုန် စီမံကိန်းနယ်မြေအတွင်းသို့ ဘက်ပေါင်းစုံမှ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။

ထိုသို့ ဝင်ရောက်လာစဉ် စစ်ဘေးရှောင်များ စီးနင်းလာသည့်ယာဉ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရာ ယာဉ်မောင်း အပါအဝင် လိုက်ပါလာသူများကို စစ်ဆေးပြီး အများစုကို ပြန်လွှတ်ပေးခဲ့သော်လည်း ကိုအယ်သာ၊ ကိုမြတ်သူနှင့် ကိုလီယွန်တို့ သုံးဦးကိုမူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက “သူတို့ ၃ ယောက်ကို ဘယ်ရက်မှာ သတ်လိုက်တာလဲတော့ မသိဘူး။ အလောင်းတွေ့တာကတော့ ဇူလိုင် ၂၀ ရက်နေ့ ညနေပိုင်းပေါ့။ အလောင်းတွေ့ချိန်က ပျက်စီးနေပြီ။ လွန်ခဲ့တဲ့ ၄/၅ ရက်လောက်က သတ်လိုက်တာ ဖြစ်နိုင်တယ်။ သူတို့ထဲက မှတ်ပုံတင်နဲ့ အဝတ်အစားတွေကို စစ်ကြည့် တော့မှ သိရတယ်။ အလောင်းကို မနေ့က သက်ဆိုင်ရာရွာတွေမှာ မီးသဂြိုလ်လိုက်ပြီ” ဟု ပြောသည်။

MAGGA Initiative (MI) အဖွဲ့ကလည်း မြေပြင်သတင်းပေးပို့ချက် ဓာတ်ပုံမှတ်တမ်းများအရ ဖမ်းဆီးခံခဲ့ရသည့် အဖွဲ့ဝင်သုံးဦးစလုံး သတ်ဖြတ်ခံခဲ့ရသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သတ်ဖြတ်ခံရသည့် လူငယ်သုံးဦးသည် ထားဝယ်ဒေသအတွင်း ကြားကာလပညာရေး၊ စစ်ဘေးရှောင်အရေးနှင့် ရပ်ရွာအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကိစ္စများတွင် တက်ကြွစွာဆောင်ရွက်နေကြသည့် အလားအလာရှိသော လူငယ်ခေါင်းဆောင်များ ဖြစ်ကြသည်။

အဆိုပါ စစ်ကြောင်းသည် စီမံကိန်းနယ်မြေအတွင်း စစ်ကြောင်းထိုးဝင်ရောက်စဉ် ဒေသခံများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်းလည်း ဒေသတွင်းအဖွဲ့အစည်းများက ပြောသည်။

ဓာတ်ပုံ - (ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ)
August 31, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ ၂၀ ကျော်မှ အိမ်ခြေ ၆,၀၀၀ ခန့်...
August 31, 2026
စစ်အုပ်စုတပ်၏ စစ်မှုထမ်းဥပဒေကြောင့် ပေါ်ပေါက်လာသည့် စစ်မှုထမ်းကြေး ကောက်ခံမှုသည် မွန်နှင့် ကရင်...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ကျောင်းသားလူငယ် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (...
August 28, 2026
အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ...