ဘုရားသုံးဆူတွင် တရုတ်နိုင်ငံသားများကို လက်နက်ကိုင်ဆောင်ခွင့် ထုတ်ပေးထားဟုဆို

ဘုရားသုံးဆူတွင် တရုတ်နိုင်ငံသားများကို လက်နက်ကိုင်ဆောင်ခွင့် ထုတ်ပေးထားဟုဆို

ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ဒေသတွင်းရှိ လက်နက်ကိုင်အဖွဲ့တို့က တရုတ်နိုင်ငံသားများကို လက်နက်ကိုင်ဆောင်ခွင့်ပါမစ် ထုတ်ပေးထားကြောင်း မြို့ခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

တရုတ်နိုင်ငံသားများအနေဖြင့် ဘုရားသုံးဆူမြို့အတွင်း လက်နက်ကိုင်ဆောင်ခွင့်ပါမစ် ရရှိရေး လက်နက်ကိုင်အဖွဲ့များထံ တစ်ဦးလျှင် ငွေကျပ် (၃) သိန်း ပေးသွင်းရပြီး လုံခြုံရေးအတွက် စောင့်ကြည့်ပေးရန်လည်း သီးခြားပေးဆောင်ရသည်ဟု ဆိုသည်။

“လက်နက်ကိုင်ဆောင်ခွင့်ပါမစ် ရဖို့အတွက် တရုတ်နိုင်ငံသားတစ်ယောက်ကို (၃) သိန်းကျပ် သူတို့ (လက်နက်ကိုင်အဖွဲ့) ကို ပေးဆောင်နေရတယ်။ ဘုရားသုံးဆူမှာက တရုတ်နိုင်ငံသားတွေ ရာနဲ့ချီ ရှိနေတယ်။ တစ်ယောက် (၃) သိန်းဆိုတော့ သူတို့ ဘယ်လောက်ရနေလဲဆိုတာ တွက်ကြည့်ပေါ့။ အဲဒီ (၃) သိန်းကျပ်က လက်နက်ကိုင်ဆောင်ခွင့်လည်းရတယ်။ တခြားဘာပဲလုပ်လုပ် လုပ်လို့ရတယ်။ ဒါက သာမန် နေထိုင်တဲ့လူတွေအတွက်ပဲဖြစ်တယ်။ တကယ်လို့ ဈေးဆိုင်တွေ၊ ကုမ္မဏီတွေ ဖွင့်မယ်ဆိုရင် ဒီထက်ပိုပေးကြရတာပေါ့”ဟု မြို့ခံဖြစ်သူ IMNA သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

အဆိုပါ လက်နက်ကိုင်ဆောင်ခွင့်ပါမစ်ကို ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA မှ ထုတ်ပေးထားခြင်းဖြစ်ပြီး ရရှိလာသည့် အခကြေးငွေများကို အခြားသော လက်နက်ကိုင်အဖွဲ့တို့နှင့် ခွဲဝေပေးလျှက်ရှိကြောင်း အထက်ပါ သတင်းအရင်းအမြစ်က ပြောဆိုသည်။

ထိုသို့ လက်နက်ကိုင်ဆောင်ခွင့်ပါမစ် လျှောက်ထားသူများကို တရုတ်နိုင်ငံသားများသာမက မြို့ပေါ်၌ နေထိုင်သည့် အခြားသူများလည်း ကိုင်ဆောင်ခွင့်ပြုထားသည့်အတွက် ဘုရားသုံးဆူမြို့အတွင်း ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေရကြောင်း မြို့ခံတို့က ပြောသည်။

“ဒီ ဘုရားသုံးဆူကိုတော့ DKBA နဲ့ KNU တွေက ပူးပေါင်းအုပ်ချုပ်နေတယ်လေ။ ဒါပေမဲ့ မြို့ကိုတော့ DKBA ပဲ ထိန်းချုပ်ထားတယ်လို့ ဆိုပါတော့။ အခုလောလောဆယ် DKBA ခွင့်ပြုချက်နဲ့ တရုတ်နိုင်ငံသားတိုင်းက လက်နက်ကိုင်ခွင့် ရနေကြတယ်။ ဒါ့အပြင် သူတို့ဘယ်သွားသွား နောက်ကနေ DKBA တပ်ဖွဲ့တွေက လုံခြုံရေးအနေနဲ့ ကင်စောင့်ပေးနေကြတယ်။ တရုတ်နိုင်ငံသားအပြင် တစ်ခြားသူတွေလည်း ပါမစ်လျှောက်ပြီး ကိုင်ဆောင်ခွင့်ရနေကြတယ်။ အဲတာကြောင့် ဘုရားသုံးဆူမှာ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်နေတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

လက်နက်ကိုင်ဆောင်သူ များပြားလာသည့် ဘုရားသုံးဆူမြို့တွင် ရမ်းသမ်းပစ်ခတ်မှု၊ ခြိမ်းခြောက်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပေါ်နေသည်ကို ထိန်းချုပ်နိုင်ရန်အတွက် မြို့အတွင်းသို့ လက်နက်ခဲယမ်း ကိုင်ဆောင်သွားလာခြင်းအပါအဝင် အချက် ၁၂ ချက်အား ခွင့်မပြုကြောင်းလည်း ယခုနှစ် အောက်တိုဘာလ (၂၄) ရက်၊ နေ့စွဲဖြင့် DKBA က သီးသန့် အမိန့်စာတစ်စောင် ထုတ်ပြန်ရသည့်အခြေအနေ ဖြစ်လာခဲ့သည်။

လက်နက်ကိုင်အဖွဲ့မျိုးစုံ လှုပ်ရှားသွားလာနေသည့် ဘုရားသုံးဆူမြို့တွင် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေကာ လက်နက်ကိုင်ဆောင်မှု များလာသည့်နှင့်အမျှ ရာဇဝတ်မှု၊ ခိုးဆိုးလုယက်မှု၊ သတ်ဖြတ်မှုများလည်း ပိုမိုများပြားလာကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ပုံ-Nay Naw(facebook)
April 11, 2026
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ်-ဘားအံ...
April 10, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ စစ်တပ်စခန်းကို ရာမညမွန်တပ်တော် (RMA) နှင့်...
April 9, 2026
မွန်ပြည်နယ်တွင် လာမည့်သင်္ကြန်ကာလအတွင်း ပြုလုပ်မည့် မည်သည့် ပျော်ပွဲရွှင်ပွဲမျိုးမဆို...
April 8, 2026
စစ်အုပ်စုက လွှမ်းမိုးထားသည့် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် မွန်ညီညွှတ်ရေးပါတီမှ...