တပြည်နယ်လုံး တစ်ရက် နှစ်နာရီသာ လျှပ်စစ်မီးရနေချိန် စစ်ကောင်စီနှင့် နီးစပ်သူများ ၂၄ နာရီ မီးရရှိနေ

တပြည်နယ်လုံး တစ်ရက် နှစ်နာရီသာ လျှပ်စစ်မီးရနေချိန် စစ်ကောင်စီနှင့် နီးစပ်သူများ ၂၄ နာရီ မီးရရှိနေ

မွန်ပြည်နယ်အတွင်း တစ်ရက် နှစ်နာရီခန့်သာ လျှပ်စစ်မီးရရှိနေချိန် စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းအပြင် ၎င်းတို့နှင့် နီးစပ်သူများနေထိုင်သည့် ရပ်ကွက်တို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိနေသည်ဟု ဒေသခံပြည်သူတို့၏ ပြောပြချက်အရ သိရသည်။

မော်လမြိုင်မြို့အပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတို့တွင် လျှပ်စစ်မီးပြတ်တောက်မှု ပိုများလာပြီး ဒီဇင်ဘာလအတွင်း၌ တစ်ရက် နှစ်နာရီခန့်သာ လျှပ်စစ်မီး ရရှိနေသည်။

မော်လမြိုင်မြို့ပေါ်တွင် လေးနာရီခြား အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးသွားမည်ဟု လျှပ်စစ်ဌာနက ထုတ်ပြန်ထားသော်လည်း လက်တွေ့တွင် တစ်ရက် ၁/၂ နာရီဝန်းကျင်ခန့်သာ လျှပ်စစ်မီး ရရှိနေသည့်အပြင် ဝန်အားလျှော့ချထားခြင်းကြောင့် သုံးစွဲ၍မရသည့်အခြေအနေ ရှိနေသည်။

“မီးပြတ်တာက ပိုဆိုးလာတယ်။ နိုဝင်ဘာအစပိုင်းဆို ကောင်းသေးတယ်။ လကုန်ခါးနီးနဲ့ အခု ဒီဇင်ဘာလမှာ ပိုဆိုးလာတယ်။ တစ်နေ့ကို ၂ နာရီ၊ ၁ နာရီလောက်ပဲရတယ်။ ၁ နာရီလောက်ရတယ်။ တခါတလေ ၁ နာရီတောင် မပြည့်ဘူး ပြန်ပျက်သွားတယ်။ ပြီးတော့ ညပိုင်းမှာ ပြန်လာတယ်။ နောက်ပြီး တောက်လျှောက် ပြန်ပျက်သွားတယ်” ဟု မော်လမြိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြည်သူများ တစ်ရက် နှစ်နာရီခန့်သာ လျှပ်စစ်မီးရရှိနေချိန် စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းအပြင် စစ်ကောင်စီဝန်ထမ်းဟောင်း၊ အရာရှိဟောင်းနှင့် အငြိမ်စားဝန်ထမ်းအများစုနေထိုင်သည့် ရပ်ကွက်တို့တွင် လျှပ်စစ်မီး အချိန်ပြည့် ရရှိနေသည်။

ထိုသို့ လျှပ်စစ်မီး အချိန်ပြည့်ရရှိနေသည့် ရပ်ကွက်တို့မှ ပြည်သူတို့က line men နှင့် ပူပေါင်းပြီး လျှပ်စစ်မီး ခိုးယူတွယ်တန်းပေးနေသည်ဟု သိရသည်။

“ရှယ်လိုင်းကနေ ခိုးပေးတာရှိတယ်။ line men နဲ့ ပေါင်းတယ်။ ပိုက်ဆံပေးပြီး ရှယ်လိုင်းနဲ့တွဲပေးတယ်။ ပိုက်ဆံပေးပြီး ရှယ်လိုင်းမှာ ထည့်ပေးတာရှိတယ်။ သူတို့နဲ့ သူတို့လူတွေပဲပေါ့၊ ဝန်းထမ်းဟောင်း၊ အရာရှိဟောင်း၊ အငြိမ်းစားတွေ အဲလိုတွေပေါ့၊ တွဲလဲ‌‌ပေါ်တင်တွဲထားတာမဟုတ်ဘူး။ ခိုးတွဲထားပေးတာပေါ့” ဟု အထက်ပါ မော်လမြိုင်မြို့ခံက ဆိုသည်။

လျှပ်စစ်မီး လိုအပ်ချက်များနေချိန်တွင် ဓါတ်အားရရှိမှု တစ်ပြေးညီမရှိသည့်အပေါ် နစ်နာမှုများသည်ဟု မြို့ခံတို့က ဆိုသည်။

စစ်ကောင်စီမှ လျှပ်စစ်မီတာခ ၃ ဆအထိ တိုးမြှင့်ကောက်ခံထားသော်လည်း မွန်ပြည်နယ် မြို့ပေါ်ရပ်ကွက်အတွင်း လျှပ်စစ်မီးပြတ်တောက်ချိန် ပြီးခဲ့သည့် နိုင်ဝင်ဘာလထက် သိသိသာသာ ဆိုးရွားခဲ့ပြီး ကျေးရွာအဆင့်တွင် ရက်နှင့်ချီ မီးပြတ်တောက်နေသည်ဟု သိရသည်။

May 28, 2026
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေပြီး စပါးဈေးနှုန်း မတက်လာသည့်အတွက်...
May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...