သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ပြန်လည်လွတ်မြောက်

သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ပြန်လည်လွတ်မြောက်

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထိန်းထားတဲ့ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG တာဝန်ရှိသူတွေ ကချင်သတင်းဌာန KNG ကိုအတည်ပြုပြောဆိုပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ ထောင်ကလွတ်ပေးခဲ့ပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးရန်ဟု ခေါင်းစဉ်တပ်ပြီး ညတွင်းချင်း ပြန်လည်ဖမ်းဆီးထိန်းသိမ်းထားလိုက်တာဖြစ်ပါတယ်။

အဲဒီနောက် ၃ လကျော်ကြာပြီးနောက် ဇူလိုင်လ ၂၂ ရက် မနေ့က ၁၁ နာရီခွဲမှာ ပြန်လည်လွတ်ပေးလိုက်ပြီဖြစ်ပါတယ်။

“သတင်းမှန်ပါတယ်။ မနေ့က လွတ်လာတယ်။ မနေ့က ၁၁ နာရီခွဲမှာ လွတ်လာပြီ။ ဘယ်လိုနဲ့လွတ်လာသလဲဆိုတာတော့ ကောင်းကောင်းမသိဘူး။ လွတ်တော့လွတ်လာပြီနော်။ အခုအိမ်မှာရောက်နေပြီ။” ဟု ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။

ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် လွတ်မြောက်လာရတဲ့အကြောင်းအရင်းကိုအတိအကျမသိရပေမဲ့ လက်ရှိမှတော့ နေအိမ်မှာ ရောက်ရှိနေပြီလို့ သူက ပြောပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က  ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က မန္တလေးလေဆိပ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်  မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) စတဲ့ ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုကာ ထောင်ဒဏ် ၆ ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် မြစ်ကြီးနား အကျဉ်းထောင်မှာ တစ်နှစ်ကျော်ထောင်ကျခံခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကနေပြန်လွတ်လာခဲ့ပေမဲ့ အဲဒီနေ့ညမှာတင် စစ်ကောင်စီတပ်က ဆရာကြီးကို သူရဲ့နေအိမ်ကနေ ပြန်လည်လာရောက် ဖမ်းဆီးသွားတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးရန်ဟုဆိုကာ ဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားပြီး မြစ်ကြီးနားအကျဉ်းထောင် ဧည့်ရိပ်သာမှာ နေထိုင်ခိုင်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

လက်ရှိ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် လွတ်မြောက်လာပြီလို့ သိရပေမဲ့ ဆရာကြီးရဲ့ ကျန်းမာရေးအခြေအနေနဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

February 10, 2026
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း အင်းတော်ကြီးဒေသရှိ လမ်းပိုင်းတစ်ချို့ကို...
February 9, 2026
ကချင်ပြည်နယ်ထဲက ဗန်းမော်အပါအဝင် ဝိုင်းမော်၊ ဖားကန့်နဲ့ အင်းတော်ကြီးဒေသစတဲ့မြို့နယ် ၄ခုမှာ...
February 6, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီး ရရှိမှု တစ်ရက်ထက်တစ်ရက် ပိုလျော့နည်းလာတယ်လို့...
Photo-မြစ်ကြီးနား၊ ပူတာအိုကားလမ်းပိုင်း
February 5, 2026
ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုကားလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဂိတ်တွေမှာ ကုန်ကားကြီး...