အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် နဘားဒေသခံ သုံးဦးထိခိုက်

အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် နဘားဒေသခံ သုံးဦးထိခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့တွင်း စစ်ကောင်စီတပ် တပ်ထိုင်ထားသည့် စစ်တပ်ကုန်းမှ လက်နက်ကြီး များ ရမ်းသမ်းပစ်ခတ်မှုကြောင့် နဘားဒေသခံ ၃ ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

အင်းတော်မြို့ တပ်မ ၇၇ တပ်ရင်းမှ အင်းတော်မြို့နှင့် ၆မိုင်ကျော်အကွာရှိသည့် နဘားဒေသအတွင်းရှိ ကျေးရွာ များဘက်သို့ ဦးတည်ပြီး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်နေခြင်း ဖြစ်သည်။

ဇွန်လ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့ ပစ်ခတ်မှုအတွင်း အဆိုပါ ဒေသခံ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည် အင်းတော်ဒေသခံတစ်ဦးက KNG ကိုပြောသည်။

“သူတို့ကရမ်းသမ်းပစ်ခတ်နေတာ အမြဲတမ်းလိုလိုပဲ အင်းတော်မြို့ ပတ်ဝန်းကျင် တော်တော်များများကို လည်း နော် နေ့တိုင်းလိုပဲ ရမ်းသမ်းပစ်ခတ်နေတာ။ ပထမရက် ညနေပိုင်းကိုတော့ ယောက်ကျားလေး သုံးဘီးမောင်း ဆရာထိတယ်။ သုံးဘီးကော ပျက်စီးသွားတယ်။ နောက်နေ့ကိုတော့ ကမ်းနီရွာက သားအမိနှစ်ယောက် ကို ထိတယ်” ဟု ပြောသည်။

ဇွန်လ ၂၁ ရက်နေ့၊ ည ၆ နာရီအချိန်က ပစ်ခတ်ခံရသည့် ဖြစ်စဥ်တွင် ပင်ဝယ်ကျေးရွာမှ အသက် ၄၀ ကျော် အမျိုးသားတစ်ဦး ထိမှန်ခဲ့ခြင်းဖြစ်သည်။

အလားတူ ဇွန်လ ၂၂ ရက်နေ့ ပစ်ခတ်ခံရမှုတွင် ကမ်းနီကျေးရွာခံ အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးနှင့် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး သားအမိနှစ်ဦး ထိမှန်ခဲ့သည်။ သားအမိ ၂ ဦး ထိခိုက်မှုထဲ ကလေးငယ် ဖြစ်သူမှာ ဒဏ်ရာပြင်းထန်သည့်အတွက် အခြေအနေ စိုးရိမ်ရပြီး ကသာမြို့ ဆေးရုံတွင် ပို့ဆောင်ထားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် နဘားကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဉ် လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်မှု ပုံမှန်လုပ်ဆောင်နေပြီး ယခုကဲ့သို့ လုပ်ဆောင်မှုကြောင့် အနီးတဝိုက်ရှိသော ဒေသခံတောင်သူများ လယ်ယာလုပ်ငန်းများလုပ်ကိုင်ရန် အခက်အခဲရှိနေကြောင်းလည်း ဒေသခံအမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“အခုကကျတော့ လယ်သမားတွေ အလုပ်လုပ်တဲ့ အချိန်လေးနော်။ အဲ့မှာမှသူတို့က ဒရုန်းနဲ့ကြည့်နေတာပေါ့။ အဲ့ဒါဆို လယ်ယာလုပ်တဲ့လူတွေလည်း အထိခိုက်ရှိလာတာပေါ့။ အခုနောက်ပိုင်း သူတို့ကျတော့ ၅ နာရီ ဝန်းကျင် လောက်ဆို ဒရုန်းနဲ့ပတ်ကြည့်နေတာ။ ကြည့်ပြီးလှမ်းပစ်နေတာ စုစုနေရင် လှမ်းပစ်တာ ဒေသခံတွေကတော့ အပြင်ကိုမှ မထွက်ရဲအောင် စိုးရိမ်စိတ်တွေများနေတာ” ဟု ပြောသည်။

အင်းတော်မြို့ စစ်တပ်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် နဘားနှင့် မော်တိတ် ဒေသဘက်တို့တွင် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ထိ လက်နက်ကြီးထိမှန်သူ ၃၀ ဦး ထက်မနည်းရှိလာပြီ ဖြစ်ပြီး သေဆုံးသူလည်းရှိနေသည်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် အင်းတော်မြို့နယ်သည် စစ်ကောင်စီတပ်မှ အပြည့်အဝထိန်းချုပ်နိုင်ရန် ကြိုးစားနေပြီး လက်ရှိ နန့်သာနှင့်မော်တိတ်ကျေးရွာတွင် စစ်တပ်က ဝင်ရောက်တပ်စွဲနေရာယူထားပြီး ပိတ်မိနေ သည့် ဒေသခံအချို့ကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်နေခြင်း ဖြစ်သည်။

July 11, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများအားလုံး ပြန်လည် လွတ်...
July 9, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များ ပိတ်မိနေသည်မှာ ၁၀ ရက်မြောက်...
July 9, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာရှိ KBC ဘုရားကျောင်းအတွင်းသို့ စစ်တပ် လက်အောက်ခံ...
July 8, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း KTV ဆိုင်များ၊ လောင်းကစားရုံများနှင့်...