နေရပ်ပြန် ရေကြည် စစ်ရှောင်ပြည်သူများ စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးပေးခန်းမရှိသည့်အတွက် အခက်အခဲကြုံတွေ့နေရ

နေရပ်ပြန် ရေကြည် စစ်ရှောင်ပြည်သူများ စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးပေးခန်းမရှိသည့်အတွက် အခက်အခဲကြုံတွေ့နေရ
ပြန်လည် နေရာချထားသည့် ရေကြည့် စစ်ရှောင်ဒေသခံပြည်သူများ
ပြန်လည် နေရာချထားသည့် ရေကြည့် စစ်ရှောင်ဒေသခံပြည်သူများ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရေကြည် (Hkasan) ကျေးရွာတွင် ပြန်လည်နေရာချထားသည့် စစ်ရှောင် များနှင့် နေရပ်ပြန် စစ်ရှောင်ပြည်သူများအတွက် စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးခန်းများ မရှိသောကြောင့် အဓိက အမျိုးသမီးများနှင့် ကလေးများ အခက်အခဲကြုံတွေ့နေရသည်။

လက်ရှိ ရေကြည်ကျေးရွာတွင် သက်ဆိုင်ရာမှ စာသင်ကျောင်းများ ဖွင့်လှစ်ပေးခြင်း မရှိသေးသည့်အတွက် နေ ရပ်ပြန် စစ်ရှောင်များအတွက် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေသည်ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

“ရေကြည်ကျေးရွာမှာက အစိုးရကျောင်းလည်းမဖွင့်ဘူး၊ ကလေးတွေအတွက် အရမ်းကိုခက်ခဲနေတယ်။ ကြား ကာလပညာရေးကျောင်းကိုပဲစောင့်ရမလိုလို၊ အစိုးရကျောင်းပဲသွားရောက်တက်လိုက်ရတော့မလိုနဲ့ ကျောင်း သားမိဘတွေက အဓိက စိတ်ညစ်ပူပန်နေကြရတယ်။ ကလေးတွေနဲ့ ခွဲနေရတာတွေ၊ ငွေကြေးက အရမ်းခက်ခဲ တော့ ကလေးတွေကို ကျောင်းမထားတော့ပဲ ဒီတိုင်းနေခိုင်းလိုက်တဲ့မိဘတွေလည်း တော်တော်များများပဲ” ဟု ပြောသည်။

ရေကြည်ကျေးရွာတွင် ငွေကြေးတတ်နိုင်သူများနှင့် မြို့ပေါ် ဆွေမျိုးရှိသူများ အချို့က ၎င်းတို့၏ သားသမီးများကို မြို့ကျောင်း အသီးသီးတွင် ထားနိုင်သော်လည်း မြို့ပေါ်မတက်နိုင်သည့် သူများက ကျေးရွာမှာ ကျောင်းဖွင့်လှစ်နိုင် ခြင်း မရှိသောကြောင့် ကလေးများ၏ ပညာရေးအတွက် အလွန်စိတ်မကောင်း ဖြစ်ရသည်ဟု ဒေသခံများ က ပြောသည်။

လက်ရှိ ရေကြည့်ကျေးရွာမှာ အစိုးရက ဖွင့်လှစ်ထားသည့် အခြေခံမူလတန်းကျောင်းတစ်ခု ရှိသော်လည်း စစ် ကောင်စီအောက် ကျောင်းများဖွင့်လှစ်သင်ကြားခြင်းမပြုရန်တားမြစ်ခံထားရသောကြောင့် သင်ကြားပေးမည့် ဆရာ/မများသည် လုံခြုံရေးအတွက်စိုးရိမ်းနေရသဖြင့် သင်ကြားပေးမည့် သူမရှိဘူးဟု ဆိုသည်။

ထို့အပြင် နေရပ်ပြန်လည်ချထားရေးဖြင့် နေထိုင်နေကြသည့် ရေကြည် ပြည်သူများသည် ကျေးရွာအတွင်း ဆေး ရုံ၊ ဆေးပေးခန်း မရှိသောကြောင့် မိုးတွင်းကာလအတွင်း ရာသီးပေါ်ရောဂါများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး များအတွက် သားဖွားမီယပ် ဆေးကုသရေးဆိုင်ရာ အသိကျွမ်းသည့် ဆရာဝန်များ မရှိသည့်အတွက်ကြောင့် လည်း ကျန်းမာရေး ပြဿနာများရင်ဆိုင် နေကြရသည်ဟု ဒေသခံများပြောသည်။

အဆိုပါ နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားပေးသည့် ရေကြည်စစ်ရှောင်ပြည်သူများအတွက် သက်ဆိုင်ရာ မှ ပညာရေးနှင့် ကျန်းမာရေးအတွက် ဦးစားပေး အမြန်ဆောင်ရွက်ပေးရန် တောင်းဆိုနေကြပါသည်။

“ဆေးရုံ၊ ဆေးခန်းတွေမရှိတော့ တစ်ခုခု ဖျားတာနာတာဆိုရင် အရမ်းခက်တယ်။ မြို့ဘက်ကိုပဲပြေးနေရတယ်။ အခုလက်ရှိခက်ခဲနေတာက မီးလည်းမရဘူး၊ ရေလည်းရေတွင်းသာရှိတာ ရေမရှိဘူး။ ဒီဟာတွေဆို အဲ့လောက် တောင် အရေးမကြီးသေးဘူး၊ အရေးကြီးဆုံးက ကလေးတွေရဲ့ ပညာရေးနဲ့ဆေးရုံ၊ ဆေးပေးခန်းပဲ အဓိက အရေး ကြီးနေတယ်လို့ တောင်းဆိုချင်တယ်။ ဒီမှာက သားဖွားဆရာမတွေလည်း မရှိဘူး။ အဲ့တာကြောင့် မြို့ကိုပဲ သွား တယ်” ဟု နေရပ်ပြန် စစ်ရှောင်အမျိုးသမီး တစ်ဦးကပြောသည်။

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင်ရှိသော တာလောကြီး၊ ရေကြည်၊ တာပတောင်း စသည့်ကျေးရွာများ သည် မြစ်ကြီးနာမြို့ပေါ်မှ ဆိုင်ကယ်ဖြင့် မိနစ် ၂၀ ခန့် သွားရသည့် ကျေးရွာများလည်းဖြစ်သည်။

ထိုဒေသခံ စစ်ရှောင်ပြည်သူများသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလတွင် နေရပ်ပြန်ကြသည့် စစ်ရှောင်များ ဖြစ်ကြ ပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးရေးဌာန KBC HDD အကူအညီဖြင့် နေအိမ် ၉၀ ဆောက်လုပ်ပေးကာ ပြန်လည်နေရာချပေးခဲ့သည်။

လက်ရှိတွင် ဒေသခံ နေရပ်ပြန်စစ်ရှောင်များနှင့် ပြန်လည်နေရာ ချထားရေးတွင် နေထိုင်နေသည့် အိမ်ခြေ စုစုပေါင်း ၁၀၀ ကျော်ရှိနေပြီး နေရပ်ပြန် ကာလ ၁ နှစ်ပြည့်ပြီ ဖြစ်သော်လည်း လက်ရှိချိန်ထိ ရေ၊ မီး၊ ကျန်းမာ ရေး၊ ပညာရေး အဖက်ဖက်မှ အခက်အခဲများစွာ ကြုံတွေ့နေရဆဲဖြစ်သည်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...