သံတောင်မြို့နယ်အတွင်း ဆန်သယ်ဆောင်ခွင့်ပိတ်ထားသောကြောင့် ဒေသခံများစားနပ်ရိက္ခာခက်ခဲလာ

သံတောင်မြို့နယ်အတွင်း ဆန်သယ်ဆောင်ခွင့်ပိတ်ထားသောကြောင့် ဒေသခံများစားနပ်ရိက္ခာခက်ခဲလာ

ကရင်ပြည်နယ် သံတောင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဆန်သယ်ဆောင်ခွင့်ပိတ်ထားသည့်အတွက် စစ်ရှောင် လူထုအပါအဝင် ဒေသအတွင်းရှိ ဒေသခံများပါ စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့လာရသည်ဟု ဒေသခံများက ပြောသည်။

သံတောင်မြို့၏ အဓိက ရိက္ခာသယ်ဆောင်ရသည့် လမ်းကြောင်းများ ဖြစ်သော တောင်ငူ-သံတောင်-လိပ်သို၊ သံ တောင်ကြီး၊ ဘောဂလိမြို့များကို ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်တွင် စစ်ကောင်စီတပ်မှ ယခုနှစ် မတ် လကုန်ပိုင်းမှစ၍ ဇွန်လဆန်းအထိ ဆန်နှင့် ဆေးဝါး သယ်ဆောင်ခွင့်ပိတ်လိုက်သည့်အတွက် စားနပ်ရိက္ခာ ပိုမို ကြပ်တည်းလာသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “တောင်ငူမြို့ကနေ ထွက်ကတည်းက ဘာဆန်မှ သယ်ခွင့်မပေးဘူး။ တချို့ကတော့ ကြိုဝယ် ထားတာရှိတော့ အဆင်ပြေတယ်။ မဝယ်ထားတဲ့လူတွေက ဒုက္ခရောက်တာပေါ့။ ဆန်နဲ့ဆေးဝါး သယ်ဆောင် ခွင့်ပိတ်တာ ၁ လကျော်ပြီးပေါ့။ စစ်ရှောင်တွေလည်းအခက်အခဲဖြစ်တယ်၊ စစ်ရှောင် မဟုတ်တဲ့ ဒေသ အတွင်း ရွာကလူတွေလည်း အခက်အခဲဖြစ်တယ်။ အခုဆိုရင် သံတောင် ၁၃မိုင်မှာ ကားတောင် မသွားတော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

သံတောင်မြို့နယ်အတွင်း နေထိုင်သည့် ဒေသခံအများစုသည် ဥယျာဉ်ခြံ လုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်း ကျောင်းပြုကြပြီး စပါးစိုက်ပျိုးသူနည်းပါးသည်ဟု ဆိုသည်။ ယခင်နှစ်ကလည်း ဒေသတွင်း တိုက်ပွဲများကြောင့် စပါးစိုက်ပျိုး၍ မရသည့်အတွက် တောင်ငူမြို့တွင် ဆန်ရိက္ခာများ သွားရောက်ဝယ်ယူ စားသုံးနေကြရသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် နယ်မြေခံ တော်လှန်ရေး တပ်ဖွဲ့ဝင်များအား ရိက္ခာများထောက်ပံ့၍ မရစေရေးအတွက် ဆန်နှင့် ဆေးဝါးများ သယ်ဆောင်ခွင့်ကိုလည်း စစ်ကောင်စီက တားမြစ်ပိတ်ပင်ခဲ့ရာ လက်တွေ့တွင် ဒေသခံများကိုပါ ထိခိုက်ကြပ်တည်းစေသည်ဟု ဆိုသည်။

အလားတူ တောင်ငူမှ သံတောင်မြို့နယ်အတွင်း ဝင်လာသည့် လမ်းကြောင်းပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေး မှုများ တင်းကြပ်စွာလုပ်ဆောင်နေသလို သံတောင် (၁၃) မိုင် မြို့ထဲရှိ ရပ်ကွက်တွင်လည်း ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲကြောင့် စစ်ရှောင်နေသည့် ဒေသခံနေအိမ်အချို့ကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ - PDF များ ခိုအောင်းနေဟုဆိုကာ စစ်တပ်က မီးရှို့ဖျက်ဆီးမှုများ မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် သံတောင်မြို့ထဲရှိ လူနေရပ်ကွက်အချို့နှင့် အနီးအနားကျေးရွာများထဲ စစ်ကောင်စီတပ်မှ လက်နက် ကြီးနှင့် မကြာခဏ ပစ်ခတ်မှုများ လုပ်ဆောင်နေသောကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ပိုမိုများပြား လာနေပြီး လက်ရှိတွင်လည်း သောင်းနှင့်ချီသည့် ဒေသခံများသည် အခြားမြို့နှင့် တောထဲတောင်ထဲသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

Most read this week

ဓာတ်ပုံ - CJ
August 21, 2026
သောင်ရင်းမြစ်ရေသည် ယနေ့ (ဩဂုတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် တစ်ရှိန်ထိုး မြင့်တက်လာသဖြင့် ထိုင်း-...
(ဓာတ်ပုံ - CJ / Crd)
August 20, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှ တင်သွင်းလာသည့် ထိုင်းကုန်စည်များကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ - CJ
August 19, 2026
မွန်ပြည်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၅)...
ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...