သောင်ရင်းမြစ်ရေသည် ယနေ့ (ဩဂုတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် တစ်ရှိန်ထိုး မြင့်တက်လာသဖြင့် ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် မဲဆောက်မြို့ရှိ မြစ်ကမ်းနံဘေး ရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်။
နံနက် ၁ နာရီဝန်းကျင်မှစ၍ သောင်ရင်းမြစ်ရေ တိုးမြင့်လာမှုကြောင့် မြဝတီမြို့ပေါ်တွင် ရေဘေးကယ်ဆယ်ရေး အသိပေး ကြေညာမှုများနှင့်အတူ လူမှုကူညီရေး အဖွဲ့များက မြစ်ဘေးရပ်ကွက်များမှ ပြည်သူများကို ရေလွတ် ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း မြဝတီမြို့ခံများက ပြောသည်။
“ညတစ်နာရီကြီး ကယ်ဆယ်ရေးလိုက်ကြေညာတယ်၊ ချက်ခြင်း ဘုန်းကြီးကျောင်းတွေ ဓမ္မာရုံတွေဆီ နေရာ ရွှေ့ရတယ်။ အခုမနက်တော့ သဲပုံဂိတ်၊ သရက်ပင်ဂိတ်၊ ကျောက်ဖျာဂိတ်၊ အမှတ်(၅)ကျွန်းတော၊ ခွန်ဆာဝင်း၊ မိုးကုတ်၊ ကြံခင်း အောက်လမ်းတို့ ရေမြုပ်ကုန်ပြီ” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။
မိုးလေဝသ ထုတ်ပြန်ချက်အရ ယနေ့ ဩဂုတ် ၂၁ ရက်နေ့၊ နံနက် ၆ နာရီအချိန် တိုင်းထွာချက်တွင် သောင်ရင်း မြစ်ရေသည် မြဝတီမြို့၏ စိုးရိမ်ရေမှတ် ၉၆၃ စင်တီမီတာအထက် ၁,၁၂၃ စင်တီမီတာသို့ ရောက်ရှိနေသည်။
ထို့ပြင် မဲဆောက်မြို့၌လည်း ယနေ့ နံနက်အစောပိုင်းမှစ၍ သောင်ရင်းမြစ်ဘေး ရပ်ကွက်များနှင့် မြို့တွင်း ရပ်ကွက်အချို့တွင် မြောင်းရေလျှံကာ လူနေရပ်ကွက်များမှ ကားလမ်းပေါ်အထိ ရေကျော်ဝင်ရောက်နေကြောင်း မဲဆောက်ရောက် မြန်မာရွှေ့ပြောင်း အသိုင်းအဝိုင်းက ပြောဆိုသည်။
ဈေးအရောင်းအဝယ် လုပ်ကိုင်သူ မဲဆောက်ရောက် မြန်မာတစ်ဦးက “အခုမနက်မိုးလင်းတော့ ဟုန်လုံကုန်တိုက် တို့ ဈေးကြီးတို့ ပတ်ခြာလည်နားကလမ်းတွေ ရေကြီးနေပြီ။ စာတိုက်လမ်း၊ ရဲစခန်းလမ်းတွေ ဆိုင်တွေထဲ ရေ ဝင်နေလို့ ရေတားသဲအိတ်တွေပိတ်နေရတယ်။ ကမ်းနားပိုင်းက ရေပေါ် ဈေးတို့ ဝါးစကင်းရွာတို့လည်း ရေမြုပ် ပြီ” ဟု ပြောသည်။
ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် စောင့်ရှောက်ရေးနှင့် စီမံခန့်ခွဲရေးဌာန (DDPM) ၏ သတိပေးချက်အရ သောင် ရင်းမြစ်ရေသည် ၂ ရက်အတွင်း ၂ ပေကျော်အထိ ထပ်မံမြင့်တက်လာနိုင်သည့် အန္တရာယ်ရှိနေသည်။
ထို့ကြောင့် တာ့ခ်ခရိုင်၊ မဲ့လမတ်မြို့နယ်နှင့် မဲဆောက်မြို့နယ်ရှိ မယ်ပ၊ မယ်ကု၊ မဟာဝမ်၊ ထာ့ဆိုင်လွှက်၊ မယ် တောင်၊ မဲ့ကဆာနှင့် မဲ့ကျလောင်း ကျေးရွာနေ ပြည်သူများကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် ထိုင်းအာဏာပိုင်များက အသိပေး နှိုးဆော်ထားသည်။
မိုးရေချိန် များပြား၍ တောင်ကျရေလျှံမှုနှင့် မြစ်ရေကြီးမှုကြောင့် မြဝတီနှင့် မဲဆောက်တွင်သာမက သောင်ရင်း မြစ် ဖျားခံရာ ဒေသတစ်လျှောက်ရှိ ဝေါလေ၊ သေ့ဘောဘိုး၊ ကျောက်ခက်နှင့် ရွှေကုက္ကိုလ် ဒေသများဘက်တွင်ပါ ရေကျော်ဝင်ရောက်မှုများ ကြုံတွေ့နေရကြောင်း နယ်စပ်နေ သတင်းရင်းမြစ်များက ပြောသည်။







