သျှမ်းပြည်၊ 'ဝ'တပ်ဖွဲ့ (UWSA) ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေး စည်းရုံးလှုံ့ဆော်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေး အမည်ခံ ‘ယေရှုတရုတ်မ’ ဆိုသည့် အဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) ထိန်းချုပ်ဒေသဖြစ်သော ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ မိုင်းဆတ်ခရိုင်ရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ အားလုံးနီးပါးကို ပိတ်သိမ်းခိုင်း ထားကြောင်း ဒေသခံများက ပြောသည်။
ဟိုပန်မြို့နယ်မှ ဒေသခံ အမျိုးသမီးတစ်ဦးက “အဓိကတော့ သင်္ကြန်နောက်ပိုင်း နာမည်ကြီးလာတဲ့ ယေရှုတရုတ် မ အဖွဲ့တွေကနေ အခုလို အခြေအနေအထိ ဖြစ်လာတာ။ တရုတ်ဘက်က လာတဲ့အဖွဲ့က ရောဂါဖြစ်ရင်တောင် ဆေးမကုနဲ့၊ သူတို့ဆီသွားရင် ပျောက်တယ်လို့ စည်းရုံးတော့ အဲ့ကနေ လူတွေက တဖြည်းဖြည်း သွားကြတာ။ အခုက ယေရှုလို့ ပြောတော့ ခရစ်ယာန်ဆိုပြီး ဖြစ်သွားတာ၊ တကယ်တမ်းက ဘာသာရေးနဲ့ မဆိုင်ဘဲ အစွန်း ရောက် အရေခြုံတွေ ဖြစ်နေတာ” ဟု ပြောသည်။
UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းမှုနှင့် ပတ်သက်၍ ဘုရားကျောင်း အချို့ ယာယီပိတ်သိမ်းထားမှု မှန်ကန်ကြောင်း၊ အစွန်းရောက်သည့် ဘာသာရေးနှင့် ကင်းရှင်းမှု ရှိမည်ဆိုပါက ပြန်လည်ဖွင့်ပေးမည်ဖြစ်ကြောင်း 'ဝ' ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ၎င်း၏ ဖေ့စ်ဘုခ် လူမှုကွန်ရက် တွင် ရေးသားထားသည်။
“တဖက်နိုင်ငံ၏ သတိပေးလာမှုနှင့် 'ဝ'ပြည်၌ အစွန်းရောက်သည့် ဘာသာရေး စည်းရုံးလှုံ့ဆော်သူအချို့ စိမ့်ဝင် နေကြောင်း။ ဖျားနာလျှင် ဆေးသောက်/အလုပ် လုပ်စရာမလို၊ ဘုရားမှ ကောင်းစေမည် ဆိုပြီး မှားယွင်းသည့် သွန်သင်မှုမျိုးရှိနေကြောင်း” ဟု ဦးညီရမ်းက ရှင်းလင်းဖြေကြားထားခြင်း ဖြစ်သည်။
UWSA ထိန်းချုပ်ထားသည့် 'ဝ' ဒေသအတွင်း၌ စည်းကမ်းရှိသည့် ဘာသာရေးလွတ်လပ်ခွင့် ဥပဒေ ပြဋ္ဌာန်းထား ရှိသော်လည်း ပြင်ပမှ တရားမဝင် ဝင်ရောက်၍ ဟောပြောစည်းရုံးခြင်းကို ခွင့်မပြုထားကြောင်း ဆိုသည်။
ဟိုပန်မြို့နယ်မှ ဒေသခံ အမျိုးသမီးက “ဒီမှာက ပညာရေးအားနည်းတော့ တစ်ခုခုနဲ့ ဆွဲဆောင်လိုက်ရင် အလွယ် ပါသွားကြတာ များတယ်၊ လူတွေကလည်း ခက်ခဲနေတော့ အားကိုးစရာ ရှာတဲ့ သဘောလေ။ ယေရှုတရုတ်မ အဖွဲ့ကို 'ဝ'စစ်သားတွေ လိုက်ရှာဖမ်းတော့လည်း ဒီက ဒေသခံတွေပဲ အများစု ဖြစ်နေတာ။ အဖွဲ့အစည်းက သေ ချာ မကိုင်တွယ်ရင်တော့ မီးခိုးကြွက်လျှောက် ဖြစ်ပြီး ဘုရားကျောင်းနဲ့ ခရစ်ယာန်ဘာသာဝင်တွေပဲ ထိခိုက်နစ် နာမှာ” ဟု ဆက် ပြောသည်။
လက်ရှိတွင် ပန်ဆန်းမြို့နယ်ရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်း အားလုံးနီးပါးကို UWSA တာဝန်ရှိသူများ က ပိတ်သိမ်းခိုင်းထားပြီး ဘုရားကျောင်း ၄၀ ခန့် ယာယီပိတ်သိမ်းထားရကာ ဓမ္မဆရာတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဖမ်းဆီးခံထားရကြောင်း 'ဝ' သတင်းကွန်ရက် Wa News Land မီဒီယာ ဖော်ပြချက်အရ ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ခုနှစ် ဝန်းကျင်ကလည်း 'ဝ' ဒေသတွင် ခရစ်ယာန်ဘုရားကျောင်း ပိတ်သိမ်းခြင်း၊ ကိုး ကွယ်ယုံကြည်မှု တားမြစ်ခံရခြင်းနှင့် ခရစ်ယာန်ဓမ္မဆရာများကို ဖမ်းဆီး၍ နယ်နှင်ဒဏ်ပေးခြင်း စသည့် ဖြစ်စဉ် များကြောင့် ခရစ်ယာန်ဘာသာရေး သက်ဝင်ယုံကြည်သူများအကြား စိုးရိမ်မကင်း ဖြစ်ခဲ့ရသည်။







