မယ်လစခန်းမှ ကျောင်းသား ၁၃ ဦး ကျောင်းဆက်တက်ခွင့်ရရန် ထိုင်းပညာရေးဌာနထံ အသနားခံစာတင်

မယ်လစခန်းမှ ကျောင်းသား ၁၃ ဦး ကျောင်းဆက်တက်ခွင့်ရရန် ထိုင်းပညာရေးဌာနထံ အသနားခံစာတင်
ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း ပြင်ပရှိ ထိုင်းအစိုးရကျောင်းများ၌ ကျောင်းဆက်တက်ခွင့် မရတော့သဖြင့် မိဘများက ထိုင်းပညာရေးဌာန (MOE) ထံ အသနားခံစာ တင်ပြထားကြောင်း သိရှိရသည်။

အဆိုပါ ကလေးများသည် ဒုက္ခသည်စခန်းအတွင်း မွေးဖွားသူများဖြစ်ပြီး ထိုင်းပြည်ထဲရေးဝန်ကြီးဌာန (MOI) က ထုတ်ပေးထားသည့် ဂဏန်း ၁၃ လုံးပါ ဒုက္ခသည်အထောက်အထားကတ် ကိုင်ဆောင်ထားသူများဖြစ်၍ စခန်း ပြင်ပ၌ ပညာသင်ကြားခွင့်မရှိသည့် စည်းမျဉ်းနှင့် ငြိစွန်းနေသဖြင့် ယခု ဩဂုတ်လဆန်းမှစကာ ကျောင်းရပ်နား ရန် MOE က ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် The Reporters တွင် ဖော်ပြထား သည်။

“မိဘတွေ လာပြောလို့ သိရတာပါ။ အသေးစိတ်တော့မသိဘူး။ အထူးသဖြင့် အလယ်တန်းအဆင့် (M-1) တက် မယ့်ကလေးတွေလို့ သိရတယ်။ ၁၀ နှစ်ပြည့်လို့ ၁၀ နှစ်ခံကတ်ရိုက်မယ့်အခါမှာ စခန်းက MOI ရဲ့ ၁၃ လုံး နံပါတ်ရှိတဲ့သူတွေဖြစ်တော့ ငြိသွားတာလို့ သိရတယ်”ဟု မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောဆန်းဒေးက KIC သို့ ပြောသည်။

The Reporters သတင်းဌာန၏ ဖော်ပြချက်အရ မယ်လစခန်းမှ ထိုင်းအစိုးရကျောင်းတက်နေသူ စုစုပေါင်း ၄၆ ဦးရှိပြီး ကျန်ရှိသည့် ၃၃ ဦးကိုလည်း ပညာရေးမှူးရုံးက အထောက်အထားများ ဆက်လက်စိစစ်နေသဖြင့် ကျောင်းရပ်နားခံရမည့် အခြေအနေရှိနေသည်။

ထိုင်းအစိုးရ၏ “လူတိုင်းအတွက် ပညာရေး” မူဝါဒသည် ရွှေ့ပြောင်းအလုပ်သမား ကလေးများအတွက်သာ အကျုံးဝင်ပြီး နိုင်ငံအတွင်းရှိ ယာယီဒုက္ခသည်စခန်းမှ ကလေးများအတွက် ကျောင်းတက်ခွင့် မူဝါဒ သီးသန့် မရှိသေးကြောင်း ကရင်ဒုက္ခသည်ကော်မတီဆိုင်ရာ ပညာရေးအဖွဲ့ (KRCEE) အတွင်းရေးမှူး စောထူးကပေါ်က ရှင်းပြသည်။

၎င်းက “ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းအလုပ်လုပ်သူတွေရဲ့ ကလေးတွေက ထိုင်းပညာရေးဌာန အုပ်ချုပ်မှု အောက်မှာ သွားရတော့ မူဝါဒထဲ အကျုံးဝင်ပါတယ်။ စခန်းထဲက ကလေးတွေကျတော့ ထိုင်းပညာရေး အောက်မှာ မရှိသေးတော့ ခွင့်မပြုထားသေးဘူးပေါ့” ဟု ပြောသည်။

ထို့ကြောင့် စခန်းပြင်ပတွင် တရားဝင် ထွက်ရောက်အလုပ်လုပ်ကိုင်ခွင့်ရသည့် မိဘများအနေဖြင့် မိမိတို့ ကလေးများကိုပါ တစ်ပါတည်းခေါ်ဆောင်ပြီး ထိုင်းအစိုးရကျောင်းများ၌ တရားဝင် တက်ရောက်ခွင့်ရရှိရေး အတွက် KRCEE နှင့် နယ်စပ်အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် နှစ်စဉ် ကျောင်းသား ၅၀၀ ကျော် ပညာသင်ကြားပြီးစီး နေသော်လည်း အောင်မြင်သွားသည့် ကျောင်းသူကျောင်းသားများသည် ထိုင်းအစိုးရ တက္ကသိုလ်များနှင့် အဆင့်မြင့်ပညာရေးများ ဆက်လက်သင်ယူခွင့် မရရှိကြပေ။

CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...
September 11, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊...
September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...