နှစ်ပတ်အတွင်း ရခိုင်နှင့် ပလက်ဝ၌ စစ်တပ် ဗုံးကြဲမှုကြောင့် အရပ်သား ၆၅ ဦး ထိခိုက်သေဆုံး

နှစ်ပတ်အတွင်း ရခိုင်နှင့် ပလက်ဝ၌ စစ်တပ် ဗုံးကြဲမှုကြောင့် အရပ်သား ၆၅ ဦး ထိခိုက်သေဆုံး
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)

စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင် ကလေးသူငယ်နှင့် အမျိုးသမီးများ အပါအဝင် အရပ်သား ၆၅ ဦး ထိခိုက်သေဆုံးခဲ့ရသည်။

မြောက်ဦး၊ အမ်း၊ သံတွဲ၊ ဂွမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ကို ၂ ပတ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်မှု ပေါင်း အကြိမ်ရေ ၈ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သဖြင့် အရပ်သား ၂၇ ဦး သေဆုံးခဲ့ပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးသွားသူများမှာ သံတွဲမြို့နယ်မှ ၁၆ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရ၊ ဂွမြို့နယ်မှ ၈ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ၊ အမ်းမြို့နယ်မှ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ၊ မြောက်ဦးမြို့မှ ၄ ဦး ဒဏ်ရာရရှိ ခဲ့ပြီး ပလက်ဝမြို့နယ်မှ ၁ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုစာရင်းများမှာ DMG သတင်းဌာနက ပြုစုထားခြင်း ဖြစ်ပြီး မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်သည်။

စစ်ရေးရှုံးနိမ့်နေသည့် စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ဒေသများရှိ ပြည်သူများ ကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲနေခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။

စာရေးဆရာ ဝေဟင်အောင်က “သူတို့က(စစ်အုပ်စု) စစ်မနိုင်တဲ့အချိန်မှာဖြစ်ဖြစ် ငြိမ်းချမ်းရေး စားပွဲဝိုင်း ခေါ် တဲ့ အခါမှာဖြစ်ဖြစ် သူတို့ အလုပ်ဖြစ်အောင် ပြည်သူတွေကို ရက်စက်ပြတယ်၊ သတ်ပြတယ်၊ ကြမ်းကြုပ်ပြတဲ့ ပုံစံ မျိုးရှိတယ်။ တော်လှန်ရေးဖက်တွေမှာတော့ ပြည်သူတွေကို ငဲ့ညှာရတယ်။ သူတို့က ပြည်သူထောက်ခံမှု တွေ အရမ်းကောင်းတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် ဒီအပေါ်မှာ မနာလိုမှုနဲ့ ရက်စက်ပြတဲ့ သဘောလည်း ဖြစ်တယ်” ဟု ပြောသည်။

ယခုလအတွင်း လေကြောင်း ဗုံးကြဲမှုကြောင့် အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့

ရသည့် ဖြစ်စဉ်များ ရှိပြီး ကလေးသူငယ်နှင့် အမျိုးသမီးများ အများအပြား ပါဝင်နေသည်။

ဩဂုတ် ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှု ပြု လုပ်ခဲ့သဖြင့် ဒေသခံ ၁၆ ဦး သေဆုံးခဲ့ရပြီး ၁၈ ဦး ဒဏ်ရာရခဲ့သည်။

အလားတူ ဩဂုတ် ၁၃ ရက်နေ့ကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့ကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် များ အပါအဝင် ဒေသခံ ၈ ဦး အစုလိုက်အပြုံလိုက် သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့သည်။

CDM ဗိုလ်ကြီး ဇင်ယော်က “ကျနော်တို့က လေကြောင်းတိုက်ခိုက်မှုလို့ မမြင်တော့ဘူး။ လေကြောင်း အကြမ်းဖက်မှုပေါ့။ ဘာလို့ဆိုတော့ စစ်ရေးပစ်မှတ် မဟုတ်ဘဲ စစ်ဘေးရှောင်တွေ သဘာဝဘေးဒဏ်သင့် ပြည်သူတွေပါ အဓိကအားဖြင့် ရခိုင်ကိုပဲ အဓိက လုပ်နေတာကို တွေ့ရပါတယ်။ စစ်ရေးအရ ရှုံးနိမ့်နေပြီး စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေးရာအရ ရှုံးနိမ့် နေတဲ့အတွက် ရခိုင်ပြည်ကို အကြောင်းမဲ့ မဲပြီးတော့ လေကြောင်းတိုက်ခိုက်တာလို့ ရှုမြင်ပါတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှုများ ချိုးဖောက်နေခြင်း ဖြစ်သည့်အတွက် နိုင်ငံတကာမှ ဖိအားပေးမှုများ မရှိပါက ဒေသခံများအတွက် ဆုံးရှုံးနစ်နာမှုများ ပိုမိုရှိလာနိုင်ကြောင်း သုံးသပ် မှုများလည်း ရှိနေသည်။

တစ်ဖက်တွင်လည်း ရခိုင်ဒေသခံများသည် နေ့စဉ်လူနေမှုဘဝတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အကြောက်တရားဖြင့် ရှင်သန်နေရပြီး သတိဖြင့် သွားလာနေကြရသည်။

ရခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက “ဒေသခံတွေကတော့ နေ့စဥ်လူနေမှု ဘဝမှာ ကျီးလန့်စာစား အကြောက် တရားနဲ့ နေနေရတယ်။ အချိန်မရွေး ကိုယ်ခေါင်းပေါ် ရောက်လာနိုင်တဲ့ အန္တရာယ်ကြောင့် လူတွေက တချိန်လုံး သတိထားပြီး နေထိုင်နေရတယ်” ဟု ပြောသည်။

မြေပြင်တိုက်ပွဲတိုင်းတွင် အထိနာနေသော စစ်အုပ်စုတပ်သည် ရှုံးမဲမဲသည့်အနေဖြင့် အရပ်သားများအပေါ် နေ့ည မရွေး လေကြောင်းမှ ဗုံးကြဲမှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်နေသဖြင့် လေကြောင်းရန်ကို ‘အချိန်ပြည့်’ အထူး ဂရုစိုက်ကြရန် AA က သတိပေးတိုက်တွန်းထားသည်။

DMG မှ ကောက်ယူထားသည့် စာရင်းများအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၁၄ ရက်နေ့အထိ ရခိုင်နှင့် ပလက်ဝတို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် ထိခိုက် သေဆုံးရသည့် ဖြစ်စဉ်ပေါင်း ၁၁ ခုအထိ ရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်များအတွင်း အရပ်သား သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃၉ ဦး စုစုပေါင်း ထိခိုက်သေဆုံးသူ ၂၂၅ ဦးအထိ ရှိခဲ့သည်။

Most read this week

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...