ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေအတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဆိုက်များသည် အင်တာနက် အသုံးပြုနိုင်ရေးအတွက် စတားလင့်ခ် (Starlink) အစား မြဝတီမြို့မှတစ်ဆင့် သွယ်တန်းထားသည့် အင်တာနက်ကေဘယ်လ် (Cable) ကြိုးများကို ပြောင်းလဲအသုံးပြုလာကြကြောင်း ဒေသခံများက ပြောသည်။
နယ်စပ်ဒေသအတွင်း ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းရေးအတွက် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထား ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် အဆိုပါ ကျားဖြန့်ဆိုက်များအတွင်း အင်တာနက်လိုင်းများ ဆက်လက်ရရှိနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။
လက်ရှိ မြဝတီမြို့တောင်ပိုင်း တောတောင်များအတွင်းရှိ DKBA ထိန်းချုပ်နယ်မြေများသို့ ပြောင်းရွှေ့သွားကြ သည့် ကျားဖြန့်ဆိုက်များသည် ကနဦးပိုင်းက ဖုန်းနှင့် အင်တာနက်လိုင်း မရရှိသဖြင့် မူလမြေပြင်ပေါက်ဈေး ထိုင်းဘတ် ၃ သောင်းကျော်သာရှိသော စတားလင့်ခ်စက်တစ်လုံးကို ဘတ် ၁ သိန်းမှ ၃ သိန်းအထိ ၁၀ ဆနီးပါး ဈေးအဆမတန် ပေးဝယ်၍ အဓိက အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “စတားလင့်ခ်တွေက အလုပ်သိပ်မလုပ်တော့ဘူး။ လစဉ်ကြေး ပုံမှန်ထည့် လည်း ဖုန်း ၂ လုံးလောက်တော့ လိုင်းဆွဲအားတွေ အဆင်မပြေတော့ဘူး။ အခု စတားလင့်ခ်တွေကို သူတို့ မဝယ် တော့ဘူး။ မြဝတီကနေ အင်တာနက် ကေဘယ်လ်ကြိုးတွေကို သူတို့ ပြန်ပြောင်းသုံးလာတယ်။ အဲ့ကောင်က ပုံမှန်လိုင်းကောင်းတယ်။ အဲ့ကြိုးက မူလအိဘက်က ဆိုက်တွေတောင် ရောက်နေလောက်ပြီ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း စတားလင့်ခ်များ ပိတ်တော့မည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခြင်း၊ စက်အချို့ အမှန်တကယ် ပိတ်သွားခြင်းနှင့် လိုင်းဆွဲအားများ ကျဆင်းလာခြင်းတို့ကြောင့် စတားလင့်ခ် ဝယ်ယူမှုများ ရပ်ဆိုင်းသွားခဲ့ပြီး ကေဘယ်လ်ကြိုးအင်တာနက်သို့ ပြောင်းလဲအသုံးပြုလာကြခြင်း ဖြစ်သည်။
အဆိုပါ အင်တာနက်ကေဘယ်လ်ကြိုးများသည် မြဝတီမြို့မှတစ်ဆင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် မြဝတီ တောင်ပိုင်းဒေသများကို ဖြတ်သန်းကာ DKBA ဌာနချုပ် ဆုံဆည်းမြိုင်အနီးမှတစ်ဆင့် မူလအိတောင်ခြေရှိ ကျားဖြန့်ဆိုက်များအထိ သွယ်တန်းထားခြင်းဖြစ်သည်။
ထို့ပြင် မြန်မာဘက်ခြမ်းတွင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် အဆိုပါ ကေဘယ်လ်ကြိုး များကို ထိုင်းနိုင်ငံဘက်ခြမ်းမှတစ်ဆင့် သွယ်တန်းထားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများအကြား သုံးသပ်မှုများ ရှိသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် နှစ်များတွင်လည်း ရွှေကုက္ကိုလ်အပါအဝင် နယ်စပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းများကို တားဆီးနှိမ်နင်းရန် အတွက် ထိုင်းဘက်မှ ပေးဝေနေသည့် လျှပ်စစ်နှင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်လိုက်ပြီဟု ထုတ်ပြန်မှု ရှိခဲ့သော်လည်း မြေပြင်တွင် အဆိုပါ ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုခွင့် ရရှိခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
(ဓာတ်ပုံ - လူမှုကွန်ရက်)







