မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်နှင့် ပတ်သက်၍ လက်ရှိ နိုင်ငံရေးအခြေအနေနှင့် မကိုက်ညီတော့သည့် သဘောမျိုး သက်ရောက်အောင် အသွင်ပြောင်း စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုးပမ်းလာနေသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော အစိုးရ အဖွဲ့က တာဝန်ယူ လုပ်ဆောင်နေခြင်းဖြစ်၍ နောင်တွင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ရေးနှင့် အဆိုပါ ကိုယ်စားလှယ်၏ အခန်းကဏ္ဍ လိုအပ်တော့မည် မဟုတ်ကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့တွင် စစ်အုပ်စုက ထုတ်ပြန် အသိပေးထားသည်။
ပြီးခဲ့သည့် ၅ နှစ်အတွင်း မြန်မာနိုင်ငံသည် အာဆီယံ အလှည့်ကျဥက္ကဋ္ဌများ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် အဆက်ဆက်နှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လက်ရှိတွင်လည်း ဆက်လက် ပူးပေါင်းဆောင် ရွက်သွားမည်ဟု ဆိုသည်။
သို့သော် လက်ရှိတွင် စစ်တပ်က အရပ်သားအုပ်ချုပ်သည့် အစိုးရအဖြစ် အသွင်ပြောင်းထားသလို လွှတ်တော် များလည်း ပေါ် ပေါက်လာသည့် အခြေအနေတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ နောင်နှစ်များ၌ အာဆီယံအထူး ကိုယ်စားလှယ် ခန့်အပ်ရေးကို စစ်အစိုးရက ကြိုတင်ငြင်းပယ်ထားခြင်း ဖြစ်သည်။
ဘုံသဘောတူညီချက် ၅ ရပ်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူ
အားလုံး ပါဝင်သည့် ဆွေးနွေးပွဲများ စတင်ရေး၊ လူသားချင်းစာနာမှု အကူအညီများ ပေးရေး၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ် ရေးနှင့် အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ပြီး သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေးတို့ ပါဝင်သည်။
တစ်ဖက်တွင်လည်း ပြည်ထောင်စုလွှတ်တော်က ဘုံသဘောတူညီချက် ၅ ရပ်ကို ငြင်းပယ်ကြောင်း အတည်ပြု ထားပြီးဖြစ်၍ စစ်အုပ်စုအနေဖြင့် အဆိုပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် မလိုအပ်တော့ဘဲ အာဆီယံက ပယ်ဖျက်စေချင်သည့် သဘောမျိုးရောက်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်။
စစ်အုပ်စုအနေဖြင့် ဘုံသဘောတူညီချက်ကို လက်ခံလိုက်ပါက NUG နှင့် တော်လှန်ရေးအင်အားစုများကို အသိအမှတ်ပြု၍ စားပွဲဝိုင်းပေါ် လက်ခံဆွေးနွေးရမည် ဖြစ်သောကြောင့် ငြင်းပယ်ခြင်းဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က ပြောသည်။
ထို့ကြောင့် အာဆီယံအနေဖြင့် တော်လှန်ရေးအင်အားစုများ ထောက်ခံထားသည့် ဘုံသဘောတူညီချက်ကို ဆက်လက်ကိုင်စွဲပြီး စစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှုများနှင့် ဖိအားပေးမှုများ ဆက်လက်ဆောင်ရွက် သင့်ကြောင်း ကိုမင်းသွေးသစ်က ဆက်ပြောသည်။
“အာဆီယံ 5 Consensus ဆိုတာ နိုင်ငံရေးအရ ဒေသတွင်းနိုင်ငံတွေရဲ့ ဘုံသဘောတူညီချက်ဖြစ်ပြီးတော့ မြန်မာပြည်က အတိုက်အခံအင်အားစုတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဒါကို ထောက်ခံထားတာ ဖြစ်တဲ့ အတွက် အာဆီယံက ဒီမူကို ဆက်လက်ကိုင်စွဲပြီးတော့ အရေးယူပိတ်ဆို့မှုတွေ လုပ်သင့်တယ်။ လုံးဝ လက်မခံဘဲ နဲ့ အတင်းအကျပ် သူတို့ ဂွင်ထဲကိုပဲ ပြန်ဆွဲသွင်းနေတဲ့ ကိစ္စကိုလည်း အာဆီယံအနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပြီး မာမာထန်ထန် ပြောသင့်တယ်။ ဒီထက်ပိုတဲ့ အရေးယူမှုတွေ ဒီထက်ပိုတဲ့ ဖိအားတွေ ထပ်ပေးသင့်ပါတယ်ဗျ။”
စစ်အုပ်စုအနေဖြင့် အာဆီယံအသိုင်းအဝိုင်းအတွင်း ပုံမှန်အတိုင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ သွားရောက်ခွင့်ရရှိခဲ့မှုအပေါ် အဆိုပါ နိုင်ငံများ၏ အပြည့်အဝ ကူညီထောက်ခံမှု ရရှိခဲ့သည်ဟု ဝါဒဖြန့် ပြောဆိုထားသည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ချင်သဖြင့် အခြား အဖွဲ့ဝင် နိုင်ငံများသို့လည်း သွားရောက်ရန် အစီအစဉ်ရှိကြောင်း စစ်အုပ်စု ၏ သမ္မတရုံး ပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးက သတင်းမီဒီယာများကို ဖြေကြားထားသည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ငုယင်အန်းဒပ်နှင့် စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ဩဂုတ်လ ၁၃ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီး နှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း စစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
စစ်အုပ်စုအနေဖြင့် အခြားပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်မည့် သဘောရှိသော်လည်း ဘုံသဘော တူညီချက်မှာမူ လွယ်လွယ်ကူကူဖြင့် ပြုတ်ထွက်သွားမည် မဟုတ်ကြောင်း လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သုံးသပ်ပြောဆိုသည်။
“အဲဒီတော့ (ဘုံသဘောတူညီချက် ၅ ရပ်က) လွယ်လွယ်လေးနဲ့တော့ ပြုတ်သွားမယ် မထင်ဘူး။ ဒါပေမယ့် တစ် နိုင်ငံချင်း Bilateral အဲဒီလို တွေ့ဆုံမှုမှာတော့ မြန်မာအစိုးရဘက်က အဲဒီကိစ္စကို မဆွေးနွေးဘဲနဲ့ တခြား ကိစ္စ တွေကိုပဲ ဆွေးနွေးပါဆိုပြီးတော့ လုပ်လာတဲ့ လှုပ်ရှားမှုတွေကို ပိုတွေ့မြင်ရပါလိမ့်မယ်။ အဲဒီတော့ လွယ်လွယ် လေးနဲ့တော့ ဘုံသဘောတူညီချက်ကို အာဆီယံအဖွဲ့အားလုံး ပေါင်းထားတဲ့အဖွဲ့အစည်းရဲ့ ရပ်တည်ချက်နဲ့ လွယ် လွယ်လေးနဲ့တော့ ပြုတ်သွားမယ်လို့ မထင်ပါဘူးခင်ဗျ။”
အာဆီယံကမူ မြန်မာ့အကျပ်အတည်း ဖြေရှင်းသည့်နေရာတွင် ဘုံသဘောတူညီချက် ၅ ရပ်ကို အဓိကမူဘောင် အဖြစ် ဆက်လက်ဆုပ်ကိုင်ထားပြီး လာမည့် နိုဝင်ဘာလတွင် ကျင်းပမည် ဖြစ်သော ထိပ်သီးအစည်းအဝေး၌ စစ်အုပ်စုဘက်မှ လိုက်နာမှု ရှိ၊ မရှိ တိုင်းတာနိုင်မည့် စံနှုန်းများ သတ်မှတ်ရန် ရှိနေသည်။
အဆိုပါ အခြေအနေတွင် စစ်အုပ်စုက သံတမန်ရေးနည်းလမ်းအရ အဖွဲ့ဝင်နိုင်ငံများနှင့် တဖြည်းဖြည်း ချဉ်းကပ် လာနေပြီး အာဆီယံအထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍကို နောင်တွင် ဆက်လက် မလိုအပ်တော့ကြောင်း သဘောထားကိုလည်း အတိအလင်း ကြေညာခဲ့သည်။
အာဆီယံလွှတ်တော်အမတ်များ အဖွဲ့ (APHR) ကမူ မြန်မာ့အရေး ဖြေရှင်းသည့်နေရာတွင် သဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်အုပ်စုက လိုက်နာမှုမရှိသရွေ့ ခေါင်းဆောင်များကို အာဆီယံ၏ နိုင်ငံရေးအဆင့် အစည်းအဝေး များနှင့် ထိပ်သီးအစည်းအဝေးများတွင် တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားရန် တောင်းဆိုထားသည်။
ဘုံသဘောတူညီချက် ၅ ရပ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပခဲ့ သည့် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၌ စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်၍ လိုက်နာမည်ဟု သဘောတူခဲ့ခြင်း ဖြစ်သည်။
သို့သော် အမှန်တကယ် လိုက်နာအကောင်အထည်ဖော်ခြင်း မရှိခဲ့သလို လက်ရှိတွင်လည်း အဆိုပါ ဘုံသဘော တူညီချက်သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက် နောက်ဆက်တွဲအဖြစ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သဖြင့် အဖွဲ့ဝင်နိုင်ငံ အားလုံး၏ တူညီဆန္ဒ မဟုတ်ကြောင်း စစ်အုပ်စုက ပြန်လည်တုံ့ပြန်ထားသည်။







