မွန်ပြည်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၅) ကျေးရွာ၊ စာသင်ကျောင်းအနီးသို့ စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဩဂုတ်လ ၁၉ ရက်နေ့ (ယနေ့)၊ နံနက် ၁၀ နာရီဝန်းကျင်နှင့် ၁၂ နာရီဝန်းကျင်တို့တွင် စစ်တပ်က လက်နက်ကြီး များ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စာသင်ကျောင်းဝင်းအတွင်းရှိ ဘောလုံးကွင်းနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ရာ စုဝေးနေသည့် ကလေးငယ်များ ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း အနီးပတ်ဝန်းကျင်တွင် နေထိုင် သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အသံအကျယ်ကြီးကြားလိုက်ရတယ်။ ပထမတစ်လုံးက (၁၁) နာရီ ဝန်းကျင်လောက်မှာကျတာ အဲ့ဒီအလုံး ဖြစ်မယ် ကျောင်းဘောလုံးကွင်းနားကို ကျတာ။ ဆုံးသွားတဲ့ကလေးက အသက်(၅)နှစ် မဟုတ်ရင် (၆)နှစ် လောက်ပဲရှိဦးမယ်။ ဘောလုံးကန်ခါနီးဖြစ်တာ (၁၁)ယောက်လောက် ဒဏ်ရာရတယ်။ ကလေးတွေချည်းပဲ” ဟု အဆိုပါ ဒေသခံအမျိုးသမီးက ပြောသည်။
ထို့ပြင် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများသို့ ပုံမှန်လိုလို လက်နက်ကြီး ပစ်ခတ်လေ့ရှိသည့် စစ်အုပ်စုတပ်၏ သိမ်ဇရပ်မြို့အခြေစိုက် တပ်ရင်း၊ တပ်စခန်းများမှ ရွာအနီးတဝိုက်တွင် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်း မရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ယူဆနေကြသည်။
ကေအိုင်စီ ကရင်သတင်းဌာနအနေဖြင့် ကလေးငယ်များ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ ကေအဲန်ယူ၊ သထုံခရိုင် တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းလျက် ရှိသည်။
စစ်အုပ်စုတပ်သည် ကေအဲန်ယူ ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်း လက်နက်ကြီးများအပြင် လေကြောင်း တိုက်ခိုက်မှုများကိုပါ ဒေသခံများသာရှိသည့် ကျေးရွာများအတွင်းသို့ မကြာခဏ ပစ်ခတ်ခြိမ်းခြောက်လေ့ရှိပြီး ကျေးရွာများအတွင်း ကျည်စထိမှန် သေဆုံးမှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများနှင့် ဒေသအုပ်ချုပ်ရေး အာဏာပိုင်များက ပြောဆိုသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင်လည်း ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာ အုပ်စုအတွင်းသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ရွာခံ ၄ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ရသည်။
အလားတူ စစ်ခေါင်းဆောင်၏ ရက် (၁၀၀) စီမံချက်ပါ ကတိကဝတ်များသည် မြေပြင်တွင် လုံးဝ ကွဲလွဲနေပြီး အရပ်သား များကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပိုမို ပြုလုပ်လာကြောင်း ကေအဲန်ယူ (KNU) လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီက ဩဂုတ်လ ၁၉ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန် ထောက်ပြသည်။
အဆိုပါ ရက် (၁၀၀) ကာလအတွင်း ကော်သူးလေဒေသ၌ စစ်အုပ်စုတပ်က လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်း တိုက်ခိုက်မှုပေါင်း ၄၅၀ ကျော် ကျူးလွန်ခဲ့သဖြင့် အရပ်သား ၄၄ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေး အဆောက်အအုံ ၆၀ နီးပါး ပျက်စီးခဲ့ရသည်ဟု ဆိုသည်။







