ညောင်လေးပင်က ဓာတ်တိုင်များပြန်ထူရန် ဒေသခံ (၁၇)ဦး ကို အကာအကွယ်အဖြစ် စစ်တပ် ဖမ်းဆီးထား

ညောင်လေးပင်က ဓာတ်တိုင်များပြန်ထူရန် ဒေသခံ (၁၇)ဦး ကို အကာအကွယ်အဖြစ် စစ်တပ် ဖမ်းဆီးထား

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေး ပင်ခရိုင်၊ ကျောက်ကြီး-နတ်သံကွင်းလမ်းကြားရှိ ပြိုကျနေသော လမ်းမီးတိုင်များအား ပြန်ထူရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံအမျိုးသား (၁၇) ဦးကို ဖမ်းဆီးပြီး အကာအကွယ်အဖြစ်အသုံးပြုနေကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ ဒေသခံ အမျိုးသား ၁၇ ဦးကို စစ်တပ်က မေလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ကျောက်ကြီးမြို့ခံအမျိုးသားတစ်ဦးက “ပထမအဖမ်းခံရတဲ့အထဲမှာ နတ်သံကွင်းမြို့ထဲက မိန်းကလေးတချို့ လည်းပါတယ်။ နောက်မိန်းကလေးတွေကို ပြန်လွှတ်ပေးလိုက်ပြီးတော့ သန်သန်မာမာ ယောက်ကျားလေးတွေ ပဲ ခေါ်ထားတာ၊ တိုင်တွေဘာတွေထူတော့ ရှေ့ကနေသွားခိုင်းတယ်။ ပြင်နေတာ ပြီးသလောက်တောင် ရှိတော့ မယ်။ ပြင်ပြီးရင် ပြန်လွှတ်ပေးမပေးတော့ ကျနော်တို့ ဆက်စောင့်ကြည့်ရအုံးမယ်” ဟု ပြောသည်။

ပြီးခဲ့သည့် လပိုင်းများက စစ်ကောင်စီနှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များ၏ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုများ ကြောင့် ပြိုကျပျက်စီးနေသော လမ်းမီးတိုင်များအား ပြန်ထူ၍ပြုပြင်ရာတွင် အဆိုပါလမ်းပိုင်းအား ဖြတ်သန်း  သွားလာရမည်ဖြစ်သောကြောင့် စစ်ကောင်စီအနေဖြင့် ၎င်းတို့အတွက် လုံခြုံရေး စိတ်ချမှုရှိစေရန် ထိုဒေသခံများ အား ဖမ်းဆီး ခေါ်ဆောင်ထားခြင်းဖြစ်သည်ဟု ကျောက်ကြီးမြို့ခံများက ပြောသည်။

ပြီးခဲ့သည့်လပိုင်းများကလည်း ကျောက်ကြီးမြို့အတွင်းရှိ ကျေးရွာနေဒေသခံများအား စစ်ကောင်စီက မဲနှိုက်ခိုင်း ၍ အဆိုပါလမ်းပိုင်းဆိုင်ရာ ပြုပြင်ရေးတွင် ပါဝင်စေသော်လည်း တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသော နေရာဖြစ် သည့်အတွက် သွားလာရဲသူမရှိသောကြောင့် ယခုလိုအတင်းအကြပ်ဖမ်းဆီးကာ စေခိုင်းခြင်းဖြစ်လာသည်ဟု ဒေသခံများကပြောသည်။

ထို့အပြင် မေလ ၂၉ ရက်နေ့၊ နံနက်ပိုင်းကလည်း နတ်သံကွင်း စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်း သွားသမျှ လူနှင့် မော်တော်ယာဥ်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးရေး ပိုမိုတင်းကြပ်လုပ်ဆောင်ခဲ့သေးကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

ယခု ရက်ပိုင်းအတွင်း နတ်သံကွင်းတွင် စစ်ကောင်စီတပ်များ အင်အားတိုးချဲ့ခြင်းများ ရှိနေပြီး စစ်ကြောင်းထိုး လာခြင်းများရှိမည် စိုးရိမ်သဖြင့် ဒေသခံအများစုမှာ ညဘက်နေအိမ် ပြန်မအိပ်ရဲဘဲ သတိဖြင့်နေထိုင်နေကြရသည်။

အလားတူ ယခုနှစ် ဧပြီလနှင့် မေလအတွင်း ညောင်လေးပင်ခရိုင်တွင် စစ်ဘေးရှောင်ဦးရေ သိန်းချီရှိလာ၍ စားနပ်ရိက္ခာနှင့် ဆေးဝါးလုံလောက်မှု ဆက်လက်မြင့်မားနေဆဲဖြစ်ကြောင်း ကရင်လူမှုရေးရာကော်မတီထံမှ သိရသည်။

အလားတူ မုန်းမြို့နယ်တွင်လည်း မေလ(၁၆)ရက်နေ့က စစ်‌ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ (၉) ရွာမှ ဒေသခံ ၁၃,၀၀၀ (တစ်သောင်းသုံး ထောင်) ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ ရသလို တမာခေါကျေးရွာနှင့် တောင်စုအနောက်ခြမ်းကျေးရွာများသို့ စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးဝင် ရောက်လာပြီး အရပ်သားနှစ်ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ် ဆောင်သွားခဲ့သေးသည်ဟု ကေအဲန်ယူ က ထုတ်ပြန်ထားသည်။

Most read this week

ဓာတ်ပုံ - CJ
August 21, 2026
သောင်ရင်းမြစ်ရေသည် ယနေ့ (ဩဂုတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် တစ်ရှိန်ထိုး မြင့်တက်လာသဖြင့် ထိုင်း-...
(ဓာတ်ပုံ - CJ / Crd)
August 20, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှ တင်သွင်းလာသည့် ထိုင်းကုန်စည်များကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ - CJ
August 19, 2026
မွန်ပြည်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၅)...
ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...