ဆဒုံးတွင် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ် နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွား

ဆဒုံးတွင် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ် နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွား
ကချင်ပြည်နယ် ဆဒုံးမြို့အဝင်နေရာ တံတားတစ်ခု
ကချင်ပြည်နယ် ဆဒုံးမြို့အဝင်နေရာ တံတားတစ်ခု

ကချင်ပြည်နယ်၊ ဆဒုံးမြို့အဝင် ရေတံခွန်အနီးတွင် စစ်ကောင်စီတပ်၊ ပြည်သူ့စစ် ပူးပေါင်းတပ်နှင့် ကချင်လွတ် လပ်ရေးတပ်မတော် KIA တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မေလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်အချိန်က ဆဒုံးမြို့အဝင် ရေတံခွန်ဘက်သို့ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များ စစ်ကြောင်းထိုးလာစဉ် KIA မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု KIA ရှေ့တန်း က ပြောသည်။

KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက “ရွှေမင်းရဲ့ ပြည်သူ့စစ်နဲ့ စကစအဖွဲ့ ရေတံခွန်အောက်ဘက် လမ်းက နေပြီး တက်လာတာ။ ဒီဘက်က ကြားဖြတ် ပြီး ဝင်ပစ်တာဟုတ်တယ်” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဘက်မှ အင်အား ၅၀ ဝန်းကျင်ရှိပြီး KIA ဘက်မှလည်း အင်အား ၅၀ ဝန်းကျင်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှု တစ်နာရီဝန်းကျင် အချိန်ခန့်ကြာမြင့်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကိုမူ အသေးစိတ် မသိရသေးပေ။

ဆဒုံးရေတံခွန်အနီးတွင် KIA ၏ ခွင့်ပြုချက်ဖြင့် ဖွင့်ထားသည့် အခွန်ဂိတ်တစ်ခုကို ပြီးခဲ့သည့် မေလ ၈ ရက်နေ့ စစ်ကောင်စီတပ်နှင့် ဦးရွှေမင်း ပြည်သူ့စစ်ပူးပေါင်းတပ်များမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ချိန် ဂိတ်တွင်ရှိနေသည့် လုပ်ငန်းရှင် ၂ ဦးနှင့် ဂိတ်အနီးစျေးရောင်းနေသည့် အရပ်သား ပြည်သူတစ်ဦး စုစုပေါင်း ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်နှင့် ဦးရွှေမင်း ပြည်သူ့စစ် ပူးပေါင်းတပ်တို့ သည် အဆိုပါဂိတ်မှ တရုတ်ယွမ် ငွေ ၇ သောင်းအပြင် မြန်မာကျပ်ငွေ ၅ သိန်းဝန်းကျင်ကိုလည်း ယူသွားသည်ဟု ဖြစ်စဉ်ကို သိသူက ပြောသည်။

ထို့နောက် မေလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်၊ ဦးရွှေမင်း ပြည်သူ့စစ်ပူးပေါင်းတပ် အင်အား ၃၅ ဦး ဝန်းကျင် ရှိသည့် တပ်ဖွဲ့သည် ၎င်းတို့ ပစ်သတ်ခဲ့သည့်သူများ နေထိုင်သည့် နေအိမ်သို့ ထပ်မံရောက်ရှိလာပြီး နေအိမ်ကို မီးရှို့နေစဉ် KIA ဘက်မှ တဖန် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

ဒေသခံများ၏ ပြောပြချက်အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မဖြစ်ခင် အဆိုပါ အခွန်ကောက်သည့် ဂိတ်သည် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့ ဂိတ်ထိုင်သည့် နေရာဖြစ်ခဲ့သော်လည်း အာဏာသိမ်းမှု ဖြစ်ပွား ပြီးနောက် KIA ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းရှင်အချို့က နေထိုင်ကာ ကောက်ခံနေသည့် ဂိတ်တစ်ဂိတ် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဂိတ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အတွက် KIA ဘက်မှ တန်ပြန်တိုက်ခိုက်နေခြင်းမျိုး ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

“မနေ့ကတိုက်ပွဲဖြစ်တာ ဟုတ်တယ်။ ကျနော်တို့ ကြားရသလောက်တော့ ဦးရွှေမင်းအဖွဲ့နဲ့ စစ်သားတွေ ရေတံ ခွန်ဘက်ကို ကင်းလှည့်တဲ့ချိန် ဒီဘက်ကလာ ပစ်သွားတာ ပြောတယ်။ အဲ့ဒီတစ်ဝိုက်ပဲ ဖြစ်နေတာ။ ဟိုတလောက လည်း အဲ့နားက ဂိတ်ကို စကစအဖွဲ့တွေ လာပစ်သွားတာရှိတယ်။ အဲကြောင့် ဒီဘက်ကလည်း ပြန်လည် တိုက် ခိုက်တဲ့ ပုံစံဖြစ်နေတယ်” ဟု ဆဒုံးဒေသခံတစ်ဦးကပြောသည်။

KIA တပ်မဟာ ၅ အောက် တပ်ရင်း ၃ နယ်မြေ ဖြစ်သော ဝိုင်းမော် - ကံပိုင်တည် သွားသည့် လမ်းမပေါ်တွင် ရှိ သည့် ဆဒုံးနယ်မြေတွင် စစ်ကောင်စီ တပ်ရင်းများအပြင် ဘောမ်လန်း ပြည်သူ့စစ်၊ ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့ တို့ လည်း ရှိနေပြီး အာဏာသိမ်းပြီးနောက် မကြာခဏ ဆိုသလို နှစ်ဖက် ထိတွေ့တိုက်ပွဲများ ပြင်းထန်မှုရှိသည့် နေရာ ဖြစ်သည်။

July 14, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် အသက်မပြည့်သေးသည့် ကလေးငယ်များ မူးယစ်ဆေးဝါး ရောင်းချနေ ကြကြောင်း...
July 11, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများအားလုံး ပြန်လည် လွတ်...
July 9, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များ ပိတ်မိနေသည်မှာ ၁၀ ရက်မြောက်...
July 9, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာရှိ KBC ဘုရားကျောင်းအတွင်းသို့ စစ်တပ် လက်အောက်ခံ...