စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံနေရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ပင်လည်ဘူးဒေသအတွင်း သတင်းအချက်အလက်များ ထုတ်ပြန်ပေးနေသည့် Pinlebu New Gen က ပင်လည် ဘူး မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြုလုပ်နေသည့် အတွက် ဒေသခံများ အနေဖြင့် အထူးသတိထားကြရန်နှင့် လူစုလူဝေး မပြုလုပ်ကြရန် ဩဂုတ်လ ၁၇ ရက်နေ့တွင် သတိပေးထားသည်။
လက်ရှိ ပင်လည်ဘူးဒေသ၏ အခြေအနေ အသေးစိတ်ကိုမူ လုံခြုံရေး အခြေအနေများကြောင့် ထုတ်ဖော် ပြောဆိုနိုင်သေးခြင်း မရှိဘဲ ဒေသခံများအနေဖြင့် အထူးဂရုစိုက်ကြရန်သာ အသိပေးထားသည်။
Pinlebu New Gen တာဝန်ရှိသူတစ်ဦးက “ဟုတ်ကဲ့ အချို့သောအကြောင်းအရာများကြောင့် အသေးစိတ်ကို ပြန်လည်ဖြေကြားပေးနိုင်သေးမှာ မဟုတ်ပါဘူးရှင်။ လက်ရှိအခြေအနေမှာတော့ အထူးဂရုစိုက်ကြဖို့ပါပဲရှင်” ဟု ပြောသည်။
ဩဂုတ်လ ၁၆ ရက် ယမန်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် စစ်အုပ်စုတပ်က တိုက်လေယာဉ် ၄ စီးဖြင့် ပင်လည် ဘူးမြို့နယ် ကင်းပန်းကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့် အပြင် ဆေးရုံနှင့် စာသင်ကျောင်းများလည်း ထိခိုက်ပျက်စီးခဲ့ကာ အရပ်သား သေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသ တွင်း သတင်းရင်းမြစ်များက ဆိုသည်။
မြေပြင်တွင် ဒေသခံများနှင့် အဆက်အသွယ်ရှိသည့် စစ်ကိုင်းနှင့် ကချင်အစပ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဩဂုတ်လ ၁၆ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုအပြီး သိရှိရသည့် အခြေအနေကို အောက်ပါအတိုင်း ပြောပြ သည်။
“ပင်လည်ဘူးက တော်တော်ထိသွားတာ၊ ရွာထဲကို ပတ်ကြဲသွားတော့။ နေအိမ်တောင် ၁၅ လုံးလောက် မီးလောင်သွားတယ်။ သေဆုံးမှုတွေကတော့ အတိအကျတော့ မရှိဘူး။ စောင့်ကြည့်နေရတဲ့သူတွေလည်း ရှိတယ်တဲ့။ ချက်ချင်းသေဆုံးသွားတာကတော့ ၂ ယောက်ပဲလို့ သိရတယ်။”
ထို့ပြင် ဒေသခံတစ်ဦး၏ လူမှုကွန်ရက်စာမျက်နှာ၌လည်း ကင်းပန်းကျေးရွာကို လေယာဉ်ဖြင့် ဗုံး ၁၀ လုံးခန့် ကြဲချခဲ့သဖြင့် နေအိမ် ၁၅ လုံးခန့် ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးသူလည်း များပြားကြောင်း ရေးသားထားသည်။
အဆိုပါ ထိခိုက်သေဆုံးသူ အရေအတွက် အချက်အလက်နှင့် ပတ်သက်၍ KNG အနေဖြင့် သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပေ။
တစ်ဖက်တွင်လည်း ဒေသတွင်း သတင်းများအရ ဗိုလ်နဂါး ဦးဆောင်ခဲ့သည့် ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) တပ်မှူးနှစ်ဦးသည် ကင်းပန်းကျေးရွာတွင် ဆေးကုသမှု ခံယူနေစဉ် ထွက်ပြေး လွတ် မြောက်သွားခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။
ထိုသို့ BNRA တပ်မှူးနှစ်ဦး လွတ်မြောက်သွားသည့် နောက်တစ်နေ့ဖြစ်သည့် ဩဂုတ်လ ၁၆ ရက်နေ့တွင် ၎င်းတို့ ဆေးကုသမှု ခံယူခဲ့သည့် ကင်းပန်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ် နှစ်ခု ဆက်စပ်မှု ရှိနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များဘက်က ပြောဆိုမှုများ ရှိနေသော်လည်း KNG အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပင်လည်ဘူးမြို့နယ်သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်တွင် တည်ရှိပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တို ဘာလ ၈ ရက် နံနက်ပိုင်းတွင် KIA နှင့် PDF ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ထားသည့် မြို့နယ်တစ်ခု ဖြစ်သည်။







