ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက် ဖားကန့်မြို့နယ်တွင် အရပ်သား ၄ ဦးကို အဆိုပါ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၈ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် တနိုင်းမြို့နယ်၊ ရှဒူးဇွပ်ကျေးရွာ၌ ပြုလုပ်နေသည့် စစ်အုပ်စုတပ်၊ မင်းဇေသန့်ပြည်သူ့စစ်၊ လီဆူပြည်သူ့စစ်၊ ကချင်အထူးဒေသ (၁) နှင့် ရှမ်းနီပြည်သူ့စစ် ပူးပေါင်း အဖွဲ့များ၏ ပြည်သူ့စစ် သင်တန်းဆင်းပွဲကို KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ဖွဲ့များက ဒရုန်း ၁၀ စီး အပါ အဝင် ၁၀၇ မီလီမီတာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦး ပွဲချင်းပြီး သေဆုံးကာ ၁၀ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သဖြင့် စစ်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့များသည် အနီးဝန်းကျင်ရှိ အရပ်သားများကို အတင်းအဓမ္မ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဝါရာဇွပ်ရွာသား ဦးပေါင်ဆမ်နော်လော့ကိုလည်း ဖမ်းဆီးရိုက်နှက်ခဲ့သည်။
ထိုသို့ ထိခိုက်သေဆုံးမှု များပြားခဲ့သည့်အတွက် လက်တုံ့ပြန်သည့်အနေဖြင့် မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့သည် ဩဂုတ်လ ၉ ရက်နေ့တွင် တနိုင်း-ဖားကန့်လမ်းပိုင်း (လီဒိုလမ်းမကြီး) ပေါ်ရှိ ဖားကန့်မြို့နယ်၊ နောင်းမီကျေးရွာ အတွင်းသို့ ဝင်ရောက်ကာ နေအိမ်များ၌ ရှိနေသည့် အရပ်သား ၄ ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
နောင်းမီကျေးရွာမှ ကိုလမိုင်ဂွမ်းမိုင်၊ ကိုဒေါင်လွမ်း၊ ကိုထွယ်ဆန်အောင်နှင့် ကိုဆွတ်အောင်တို့ကို မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီး၍ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
KIA နှင့် နီးစပ်သူတစ်ဦးက “သင်တန်းကွင်း တိုက်ခံရပြီး အထိနာသွားတော့ မင်းဇေသန့်တပ်ဖွဲ့တွေက ရွာထဲဝင် လာပြီးနောက် မသင်္ကာလို့ဆိုပြီး ရမ်းသမ်းဖမ်းတာ။ အပြစ်မရှိတဲ့ လူငယ် ၄ ဦးကို အိမ်ထဲအထိ ဝင်ဆွဲပြီး ပစ်သတ်သွားတာပါ။ အခုဆို လီဒိုလမ်းမကြီးတစ်လျှောက်လည်း ကချင်လူငယ်တွေရှိတဲ့ အိမ်တွေကို ပစ်မှတ် ထားပြီး အတင်းဝင် စစ်နေတော့ ရွာသားတွေ စိုးရိမ်ထိတ်လန့်နေရတယ်” ဟု ပြောသည်။
ထို့ပြင် မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် လီဒိုလမ်းမတစ်လျှောက်ရှိ ပြည်သူများ၏ နေအိမ်များသို့ ဝင်ရောက် စစ်ဆေးခြင်းများ ဆက်တိုက် ပြုလုပ်နေပြီး အထူးသဖြင့် ကချင်လူငယ်များရှိသည့် နေအိမ်များကို အဓိကထား ဝင်ရောက်မေးမြန်းလျက်ရှိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
အလားတူ လပူခ ပယင်းမှော်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကိုလည်း KIA တပ်ရင်း (၁၄) က ကြိုတင်စောင့်ကြို တိုက်ခိုက်ခဲ့သဖြင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားစွာဖြင့် ပြန်လည်ဆုတ်ခွာ သွားခဲ့ရသည်။
အဆိုပါ နယ်မြေအတွင်းရှိ ဒေသခံ အမျိုးသားတစ်ဦးက “စစ်တပ်ဘက်က ပယင်းမှော်ဘက်ကို စစ်ကြောင်း ထိုး လာလို့ KIA ဘက်က ကြိုတင်စောင့်ပြီး တိုက်လိုက်တာ။ စစ်တပ်ဘက်က အထိအမိများပြီး ပြန်ဆုတ်သွားရ တယ်။ ဒီနယ်မြေမှာ စစ်တပ်ရော မင်းဇေသန့်အဖွဲ့ပါ ပူးပေါင်းပြီး ပြည်သူတွေရဲ့ လယ်ယာမြေတွေကို သိမ်း၊ ရွှေတူး၊ အိမ်တွေကို မီးရှို့နဲ့ ဒုစရိုက်မျိုးစုံ လုပ်နေတာ ကြာပြီ” ဟု ပြောသည်။
မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့သည် စစ်အုပ်စုတပ်၏ လက်အောက်ခံအဖြစ် လီဒိုလမ်းမကြီးတစ်လျှောက်တွင် ပြည်သူများ၏ လယ်ယာမြေများကို သိမ်းပိုက်၍ ရွှေတူးဖော်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းနှင့် အရပ်သား ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိသည်။







