သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်းကျားဖြန့် (ကျားဖျန့်) လိမ်လည်မှု လုပ်ငန်းတစ်ခုတွင် ရောင်းစားခံခဲ့ရသည့် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဦး ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်သို့ ထွက်ပြေး လွတ်မြောက်လာခဲ့သည်။
အဆိုပါ ရုရှားနိုင်ငံသူသည် ဩဂုတ်လ ၉ ရက်နေ့ ညနေပိုင်းက တာချီလိတ်မြို့ဘက်မှ မယ်ဆိုင်မြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင် ကာ လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရသည်။
ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ၎င်းရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွား ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များမှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်း၏ ထွက်ဆိုချက်အရ ရောက်ရှိခဲ့သည့် နေရာများတွင် ရိုက်နှက်နှိပ်စက်ခံခဲ့ရသဖြင့် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ ဒဏ်ရာများ တွေ့ရှိခဲ့ရသည်။
လက်ရှိတွင် အဆိုပါ ရုရှားသူမှာ ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင် ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။
ထိုင်းရဲတပ်ဖွဲ့ကမူ ကနဦးစုံစမ်းချက်များအရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများသို့ လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရခြင်းဖြစ်နိုင်ကြောင်း ယူဆထားသည်။
သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေ ခြင်းမှာ ပုံမှန်ဖြစ်ပြီး လာအိုနှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။ အခုက ရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။
ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ ဆောင် ရွက်နိုင်ပါက ရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်ပါက လစာဖြတ်တောက်ခြင်းနှင့် ရိုက်နှက်ခြင်းများ ရှိကြောင်း အဆိုပါ အလုပ်လုပ်ဖူးသူက ဆက်ပြောသည်။
“ကျနော်တို့ ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။ သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နှက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံ အရဆို ရောင်းစားခံရတာဖြစ်ဖို့ များတယ်။ ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ် ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ” ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်အထိ သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း၌ အွန်လိုင်းကျားဖြန့် လုပ်ငန်းများ ဆက် လက်လည်ပတ် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အလားတူ ၂၀၂၆ ခုနှစ်အတွင်း သျှမ်းပြည်အတွင်း ကျားဖြန့်နှင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကို ဖမ်းဆီးရာ တွင် တရုတ်နှင့် မြန်မာနိုင်ငံသားများအပြင် ဗီယက်နမ်နှင့် လာအိုနိုင်ငံသားများ ပါဝင်ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ် များလည်း ရှိခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းက မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသတွင် အွန်လိုင်းကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် ဗီယက်နမ်နှင့် တရုတ်နိုင်ငံသား စုစုပေါင်း ၈၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် ဩဂုတ်လ ၇ ရက်နေ့ကလည်း ကျိုင်းတုံမြို့နယ်တွင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်၊ လာအိုနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၅၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။







