ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား အသောက်၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ ရရှိရန် ပိုမို ခက်ခဲလာကြောင်း ဒေသခံများက ပြောသည်။
ရွှေကူ - ငအိုး လမ်းပိုင်း၊ ရွှေကူ - ဗန်းမော် လမ်းပိုင်းနှင့် မြို့နယ်အတွင်းရှိ တော်လှန်၊ ကိုင်း၊ လေးလမ်းဆုံနှင့် ငဘတ်ကြီး စသည့် နေရာများ၌ စစ်အုပ်စုတပ်နှင့် KIA ပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ သုံးလနီးပါး ကြာမြင့်လာပြီ ဖြစ်သည်။
တိုက်ပွဲများကြောင့် လမ်းကြောင်း အများစုကို ပိတ်ထားပြီး အောက်လေးလမ်းဆုံဘက်တွင် လမ်းကို ဖွင့်လိုက် ပိတ်လိုက် ပြုလုပ်နေသဖြင့် ကျေးရွာနေ ပြည်သူများသည် လမ်းဖွင့်ချိန်ကို စောင့်ဆိုင်း၍ အခြေခံ စားသောက် ကုန်များ ဝယ်ယူ စုဆောင်းနေရသည်။
ဒေသခံ အမျိုးသားတစ်ဦးက “လမ်းက အောက်လေးလမ်းဆုံကနေ ဖွင့်လိုက်ပိတ်လိုက်ပဲ။ ကျန်တဲ့လမ်းတွေ ပိတ်ထားတယ်၊ အဝင်မခံဘူး။ လမ်းဖွင့်ပေးတဲ့အချိန်ပဲ ဆန်၊ ဆီ၊ ဆားတွေ ဝယ်စုရတာ။ ကုန်စိမ်းတွေတော့ ခက်ခဲတယ်။ ကုန်ဈေးကတော့ အဆမတန်ပဲ တက်တယ်” ဟု ပြောသည်။
ကုန်စည် သယ်ယူပို့ဆောင်ရေး ခက်ခဲလာသဖြင့် ဆန်၊ ဆီ၊ ဆားနှင့် ကုန်စိမ်းကဲ့သို့ အခြေခံ စားသောက်ကုန်များ ဝယ်ယူရရှိရန် ခက်ခဲလာသလို ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။
ထို့ပြင် လမ်းကြောင်း ပိတ်ဆို့မှုများကြောင့် ဆေးဝါး သယ်ယူရန် အခက်အခဲ ရှိနေပြီး ကျေးရွာများတွင် ဆေးဝါး လိုအပ်နေသူများ မြို့ပေါ်သို့ သွားရောက် ဝယ်ယူရန်လည်း ခက်ခဲနေသည်။
တစ်ဖက်တွင်လည်း စစ်အုပ်စုတပ်က ကျေးရွာများဘက်သို့ လေကြောင်းမှ နေ့စဉ်နီးပါး ဗုံးကြဲ တိုက်ခိုက်နေ သဖြင့် လမ်းပန်းဆက်သွယ်ရေး အပြင် ပြည်သူများ၏ သွားလာရေး လုံခြုံမှုပါ ထိခိုက်လျက်ရှိသည်။
အခြား ဒေသခံ အမျိုးသားတစ်ဦးက “တော်လှန်ရွာနဲ့ ကိုင်းရွာဘက်တွေ နေ့တိုင်းကျဲတယ်။ တိုက်ပွဲမဖြစ်တဲ့ အောက်ဘက်က ဝင်ဝ၊ နတ်လန်ဘက်လည်း နေ့တိုင်းနီးပါးကျဲတယ်။ အိမ်တွေပျက်စီးတယ်၊ တော်လှန် ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတယ်။ ကျွဲ၊ နွားတွေသေတယ်၊ ကျန်ခဲ့တဲ့ဝက်တွေသေတယ်” ဟု ပြောသည်။
ယခုကဲ့သို့ စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေအိမ်နှင့် ဘာသာရေး အဆောက်အအုံများ ထိခိုက် ပျက်စီးနေသလို မွေးမြူရေး တိရစ္ဆာန်များပါ သေဆုံးမှု ရှိနေသည်။
စစ်အုပ်စုတပ်သည် ရွှေကူမြို့နယ်အတွင်း KIA ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် ကျေးရွာများကို ပြန်လည် ထိန်းချုပ်ရန် ဇွန်လဆန်းပိုင်းတွင် စစ်ကြောင်း လေးကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း KIA ပူးပေါင်းတပ်များ ၏ တားဆီး တိုက်ခိုက်မှုကြောင့် ဇွန်လကုန်ပိုင်း၌ ရွှေကူမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာခဲ့ရသည်။
သို့သော် လက်ရှိအချိန်အထိ ကျေးရွာများဘက်သို့ စစ်ကြောင်း လှုပ်ရှားမှုနှင့် လေကြောင်း တိုက်ခိုက်မှုများ ဆက် လက် ရှိနေသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။
ရွှေကူမြို့နယ်သည် ကချင်ပြည် အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းမှတစ်ဆင့် ဗန်းမော်၊ မဘိမ်းနှင့် ရှမ်းမြောက် ဒေသများဘက်သို့ ဆက်သွယ်သည့် လမ်းကြောင်းပေါ်ရှိ အရေးပါသည့် ဒေသ တစ်ခု ဖြစ်သည်။
ထို့ပြင် ရွှေကူ - ဗန်းမော်နှင့် ရွှေကူ - ငအိုး လမ်းကြောင်းများသည် ဒေသတွင်း ကုန်စည် သယ်ယူပို့ဆောင်ရေးနှင့် သွားလာရေးအတွက် အဓိက ကျသော လမ်းပိုင်းများ ဖြစ်သည်။
လက်ရှိ ရွှေကူမြို့နယ်အတွင်း တိုက်ပွဲနှင့် လမ်းပိတ်ဆို့မှုများ ဆက်လက် ရှိနေသဖြင့် ပြည်သူများ အနေဖြင့် အစားအသောက်၊ ဆေးဝါးနှင့် အခြေခံ လူသုံးကုန်ပစ္စည်းများ ရရှိရေး အခက်အခဲများနှင့် ဆက်လက် ရင်ဆိုင် နေရသည်။







