ဒီးမော့ဆိုကို ပေါင် ၅၀၀ အလေးချိန်ရှိတဲ့ ဗုံးသီးတွေအသုံးပြုတိုက်ခိုက်၊ စာသင်ကျောင်းအပါအဝင် နေအိမ်များပျက်စီး

ဒီးမော့ဆိုကို ပေါင် ၅၀၀ အလေးချိန်ရှိတဲ့ ဗုံးသီးတွေအသုံးပြုတိုက်ခိုက်၊ စာသင်ကျောင်းအပါအဝင် နေအိမ်များပျက်စီး

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီကနေ လေကြောင်းဗုံးကြဲတိုက်ခိုက်နေသလို တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေလည်း ပေါင် ၅၀၀ အလေးချိန်ရှိတဲ့ ဗုံးသီးတွေကိုအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

မေလ (၁၄) ရက်နေ့ကနေ မေလ (၁၉) ရက်နေ့ အထိ တိုက်ခိုက်နေတာဖြစ်တယ်လို့ မြေပြင်မှာရှိနေတဲ့ ကန္တာရ ဝတီတိုင်း(မ်) သတင်းထောက်က သတင်းပေးပို့ပါတယ်။

“မေလ ၁၄ရက်နေ့ကတည်းက ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီးတော့မှ အဲဒီကြားထဲမှာဆိုလို့ ရှိရင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ လေယာဉ်နဲ့ လာရောက်ဗုံးကြဲတာတွေ ပစ်ခတ်တာတွေရှိတဲ့ အပြင် ကျေးရွာတွေထဲ နဲ့ စစ်ရှောင်စခန်းတစ်ခုကိုလည်း လေယာဉ်နဲ့ လာရောက်ဗုံးကြဲတာတွေ ပြီးတော့မှ နေ အိမ် ထိခိုက်ပျက်စီးတာတွေ ရှိတယ်ပေါ့နော်“ လို့ ကန္တာရဝတီတိုင်း(မ်) မြေပြင်သတင်းထောက်က ပြောပါတယ်။

စစ်ကောင်စီဟာ မေလ (၁၈) ရက်နေ့ မနက် ၄နာရီ အချိန်မှာ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခု ကို လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့သလို မေလ (၁၇) ရက်နေ့ မနက်အစောပိုင်း ၃ နာရီခွဲအချိန်မှာလည်း အနီး အနားက ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ထပ်မံပြုလုပ်ခဲ့ပါတယ်။

အဆိုပါကျေးရွာအတွင်းကို ပစ်ခတ်တိုက်ခိုက်မှုမှာ ဒေသခံတွေက ကြိုတင် တိမ်းရှောင်နေခဲ့ကြတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ မရှိပေမယ့်  စာသင်ကျောင်းတစ်ကျောင်းနဲ့ လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

မေလ (၁၄) ရက်နေ့ကတည်းက ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက တနီးလားလဲကျေးရွာအနီး ကန်ခုနစ်ဆင့် ဖက်မှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး မေလ ၁၉ ရက်နေ့ အချိန်ထိ ၆ ရက်ဆက်တိုက် တိုက်ပွဲဆက် ဖြစ်နေ တယ်လို့ ပြောပါတယ်။

ကန္တာရဝတီတိုင်း(မ်)ရဲ့ မြေပြင်သတင်းထောက်က “ဒီမနက်မှာဆိုလို့ရှိရင်လည်း မနက် ၆နာရီလောက်က စတယ် ပေါ့နော။ တိုက်ပွဲတွေ အရမ်းပြင်းထန်နေတယ်။ လက်နက်ကြီးတွေလည်း တအားကျနေတယ်။ ကျေးရွာတွေ ထဲမှာ လက်နက်ကြီးတအားကျနေတယ်။ ပြီးတော့ စစ်ကောင်စီက မောင်းသူမဲ့ ကင်းထောက်နဲ့လေ အဲဒါတွေ ကင်းထောက်တာတွေ လုပ်တယ်။ မနေ့ကဆိုလို့ရှိရင် မနက်ကတည်းကနေ ဟိုးနေ့လည်အထိ သူတို့ ကင်း ထောက်တယ်ပေါ့။ ဒီနေ့လည်း ထပ်လာ ကင်းထောက်တယ်” လို့ ပြောပြလာပါတယ်။

စစ်ကောင်စီအတွက် အဓိကျတဲ့ လွိုင်ကော်-ဒီးမော့ဆို-ဘောလခဲ လမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို မတ်လ အစောပိုင်းကတည်းက လွိုင်ကော်မြို့နယ် နဲ့ ဘောလခဲမြို့နယ်တို့ကနေ နှစ်ဖက်ညှပ် စစ်ကြောင်းထိုးနေတာ အခုဆိုရင် နှစ်လကျော် ရှိလာနေပြီ ဖြစ်ပါတယ်။

နှစ်လကျော်တိုက်ပွဲအတွင်း စစ်ကောင်စီကနေ လေကြောင်း၊ ကြည်းကြောင်းနဲ့ အပြင်းထန် ထိုးစစ်ဆင် တိုက် ခိုက်နေတာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆေးရုံ၊ ဆေးခန်း အပါအဝင် ပြည်သူတွေရဲ့ နေအိမ် ထိခိုက်ပျက်စီးမှုက အိမ်ခြေအလုံးရေ (၁၀၀) ကျော်ရှိနေပြီး စစ်ကောင်စီရဲ့ မီးရှို့ ဖျက်ဆီးမှုကြောင့်လည်း ပြည်သူ တွေရဲ့ နေအိမ်တွေ၊ ဆိုင်ကယ်၊ ကားတွေ ပျက်စီးသွားခဲ့ရတာတွေ ရှိနေပါတယ်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...