ရက် ၁၀၀ စီမံချက်အပြီး သွားတိုက်ဆေးပါမကျန် နိုင်ငံခြားကုန်စည်များ တင်းကျပ်စွာ စစ်ဆေးခံနေရ

ရက် ၁၀၀ စီမံချက်အပြီး သွားတိုက်ဆေးပါမကျန် နိုင်ငံခြားကုန်စည်များ တင်းကျပ်စွာ စစ်ဆေးခံနေရ
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)

စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင် ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက် ဆေးပါ တင်ခွင့်မပြုကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများကက ပြောသည်။

လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင် စသည့် စစ်အုပ်စုတပ်၏ စစ်ဆေး ရေးဂိတ်များတွင် တင်ဆောင်လာသည့် ကုန်ပစ္စည်းများကို ကားပေါ်မှ ချခိုင်းပြီး စစ်ဆေးခြင်း၊ ပစ္စည်းများ သိမ်း ဆည်းခြင်းနှင့် ဖြတ်သန်းခွင့်မပြုခြင်းများ ရှိနေကြောင်း အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက သျှမ်း သံတော်ဆင့်ကို ပြောသည်။

အသက် ၄၀ ဝန်းကျင် ကားသမား တစ်ဦးက “ရက် ၁၀၀ စီမံချက်က ပြီးသွားလည်း ကုန်ပစ္စည်းတင်ပို့တာက လည်း အရင်လိုပါပဲ။ ပြောင်းလဲတာမရှိဘူး၊ ကျပ်တည်းနေဆဲပါ။ ရက် ၁၀၀ ပြီးရင် ပြန်ပြီး အဆင်ပြေလာနိုင် မယ်ထင်ခဲ့တာ။ လဲချားမြို့နယ်က စစ်ဆေးရေး ဂိတ်တွေမှာလည်း တရုတ်ကုန်ပစ္စည်းတွေဆိုရင် ပေးမသွားတာ၊ ပစ္စည်းသိမ်းထားတာရှိတုန်း။ ထိုင်းနဲ့ တရုတ်ကုန်ပစ္စည်းတွေကို တင်ဖို့ကလည်း ခက်နေတုန်းပါပဲ” ဟု ပြော သည်။

ပြီးခဲ့သည့် သြဂုတ် ဒုတိယပတ်တွင်လည်း တောင်ကြီးမြို့ ၄ မိုင် စစ်ဆေးရေးဂိတ်တွင် ယခင်ထပ်ပို၍ စစ်ဆေးမှု များ တင်းကျပ်ခဲ့ပြီး ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကားများထံမှ ကုန်ပစ္စည်းများ သိမ်း ဆည်း သည့်အပြင် အလားတူပစ္စည်းများ ထပ်မံမတင်ဆောင်လာရန် ခံဝန်လက်မှတ် ထိုးခိုင်းခြင်းများ ရှိကြောင်း ကားသမားများက ပြောသည်။

ကားသမားတစ်ဦးက “ပြီးခဲ့တဲ့ သုံးရက်လောက်က တောင်ကြီး ၄ မိုင် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရေးတွေ အရင်ရက်တွေထပ် ဆိုးနေတာ။ သွားတိုက်ဆေးတောင် တင်လို့မရတဲ့ အခြေအနေပဲ။ ထိုင်းက ပစ္စည်းတင်လို့ သူတို့က ပစ္စည်းသိမ်းသလို နောက်ထပ် ဒီလိုပစ္စည်း မတင်ဘူးဆိုတာလည်း ခံဝန်လက်မှတ်တွေလည်း ထိုးရ တယ်” ဟု ပြောသည်။

ထို့ပြင် အချို့ကုန်ပစ္စည်းများကို ညှိနှိုင်းပြီး ဖြတ်သန်းခွင့်ရသော်လည်း အချို့ကုန်ပစ္စည်းများကိုမူ လုံးဝဖြတ်သန်း ခွင့်မပြုဘဲ သိမ်းဆည်းထားခြင်းများ ရှိနေကြောင်း ကုန်သည်နှင့် ကားသမားများ၏ ပြောပြချက်အရ သိရသည်။

“တချို့ကုန်တွေကလည်း ကားမားတွေက ပိုက်ဆံနဲ့ ညှိယူရတယ်။ တင်လာတဲ့ ပစ္စည်းပေါ်မူတည်တယ်။ တချို့ ကလည်း ပါလာတဲ့ကုန်တွေကို လုံးဝပေး မဖြတ်တာရှိတယ်။အခုထိ ဒီသျှမ်းပြည်ရှေ့ပိုင်းကနေ တောင်ပိုင်း ပို့တာဆိုရင်လည်း ခက်ခဲနေတုန်းပါ” ဟု အသက် ၅၀ ဝန်းကျင် ကုန်သည်အမျိုးသမီး တစ်ဦးက ဆက်ပြော သည်။

ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးပြီးနောက် (ဩဂုတ်လ ၁၃ ရက်)တွင် မိုင်းပွန်စစ်ဆေးရေးဂိတ်၌ တရားမဝင် ကုန်စည်များ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကား ၁၁ စီး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

ထို့နောက် ဩဂုတ်လ ၁၄ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာအနီး၌ သျှမ်းပြည် မြောက်ပိုင်းမှ တင်ဆောင်လာသည့် တရုတ်နိုင်ငံထုတ် အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများ ပါဝင်သည့် မော်တော်ယာဉ် ၃ စီးကို ဖမ်းဆီးခဲ့သည်။

ဩဂုတ်လ ၁၆ ရက်နေ့တွင်လည်း ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၊ ကမ္ဘာလုံးစေတီဘုရား သွားသည့် လမ်းအနီး၌ တရုတ်နိုင်ငံထုတ် တရားမဝင်ကုန်စည်များ သယ်ဆောင်လာသည့် ယာဉ်မောင်း နှင့် မော်တော် ယာဉ်ကို ဖမ်းဆီးခဲ့ကြောင်း တွေ့ရှိရသည်။

စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်သည် ဧပြီလမှ ဇူလိုင်လအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကာလအတွင်း နိုင်ငံခြားကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များကို တင်းကျပ်စွာ စစ်ဆေးဖမ်းဆီးခဲ့သော်လည်း စီမံချက်ကာလပြီးဆုံးပြီးနောက်တွင်လည်း ကုန်စည်သယ်ယူပို့ဆောင်ရာ၌ အခက်အခဲများနှင့် စစ်ဆေးဖမ်းဆီးမှု များ ဆက်လက်ရှိနေကြောင်း ကားသမားများက ပြောသည်။

စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံကိန်းကြောင့် ပို့ကုန်၊သွင်းကုန် စစ်ဆေးမှုများ တင်းကြပ်လာသဖြင့် တရုတ် နှင့် ထိုင်းကုန်စည်များ တင်ဆောင်သည့် ကုန်တင်ကားအချို့ ရပ်နားထားကြရသည်။

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...