မော်လမြိုင်-သံဖြူဇရပ် လမ်းပိုင်း ရေကျော်နေ၍ ခရီးသွားများ သတိပြုရန်လို

မော်လမြိုင်-သံဖြူဇရပ် လမ်းပိုင်း ရေကျော်နေ၍ ခရီးသွားများ သတိပြုရန်လို
(ဓာတ်ပုံ - Crd)
(ဓာတ်ပုံ - Crd)

မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀ ရက်) နံနက်ပိုင်းမှစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာကြား ကားလမ်း ပိုင်းတွင် လွန်ခဲ့သည့် ညပိုင်းမှစ၍ ရေစတင် မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် ကားလမ်း ရေကျော်သွားသဖြင့် သွားလာရေး ခက်ခဲလျက်ရှိသည်။

ကားလမ်းပေါ်တွင် ရေစီးသန်နေသည့်အတွက် ဆိုင်ကယ်နှင့် အိမ်စီးကားအသေးများ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“ဆိုင်ကယ်၊ အိမ်စီးကား ကားအသေးတွေပေါ့ ဖြတ်လို့မရတော့ဘူး။ ရေစီးသန်တော့ ဖြတ်ရင် အန္တရာယ်များ ပါတယ်။ ကားအကြီးတွေတော့ ဖြတ်တော့ ဖြတ်နေသေးတယ်။ ဒီထက် ပိုဆိုးလာရင် ကားအကြီးတွေလည်း ဖြတ်လို့ မရလောက်တော့ဘူး” ဟု နှီးပဒေါဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လမ်းပိုင်းကို အသုံးပြုမည်ဆိုပါက လမ်းခရီးအခြေအနေကို ကြိုတင်စုံစမ်းကြရန်နှင့် ရေကျော်နေသည့် လမ်းပိုင်းအား အတင်းအဓမ္မ ဖြတ်သန်းမောင်းနှင်ခြင်း မပြုကြရန် ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့များက တိုက်တွန်းနှိုးဆော်ထားကြသည်။

လက်ရှိတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် ကားလမ်းပိုင်း၌ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာနေပြည်သူ များနှင့် နယ်မြေခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ယာဉ်များ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင် ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ သံဖြူဇရပ်မြို့အနီး ဖေါင်စိန်ကျေးရွာတွင်လည်း ယနေ့ နံနက်ပိုင်းမှစ၍ ကားလမ်းရေကျော်မှု ဖြစ်ပွား နေသည်။

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပြည်နယ်အတွင်းရှိ အနိမ့်ပိုင်း လူနေရပ်ကွက်များနှင့် ကျေးရွာအချို့တွင်လည်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ မွန်ပြည် တွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှု အန္တရာယ် ကိုလည်းကောင်း အထူးသတိပြုကြရန် မိုးဇလက ထုတ်ပြန်ထားသည်။

August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...
ဓာတ်ပုံ - Crd
August 20, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်အုပ်စုတပ်က အင်အား ရာနှင့်ချီ...
(ဓာတ်ပုံ - MSDF / Crd)
August 19, 2026
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အနေဖြင့် နည်းပညာအကူအညီဖြင့် ပင်လယ်ပြင်နှင့် ရေကြောင်း စစ်ဆင်ရေးများ...