ဖရူဆို၌ စစ်တပ်၏ ဒရုန်းဗုံးကြောင့် မြေပဲစိုက် တောင်သူအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

ဖရူဆို၌ စစ်တပ်၏ ဒရုန်းဗုံးကြောင့် မြေပဲစိုက် တောင်သူအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
ဓာတ်ပုံ - Crd
ဓာတ်ပုံ - Crd

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက် မွန်းလွဲပိုင်းတွင် စစ်အုပ်စုတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၃၅ နှစ်အရွယ် တောင်သူ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြေပဲစိုက်ပျိုးနေသည့် တောင်သူများကို စစ်အုပ်စုတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းဗုံးစ ထိမှန်ခဲ့သည့် အမျိုးသမီးမှာ လက်ရှိတွင် ဆေးကုသမှု ခံယူနေရသည်။

ဒေသတွင်း အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက “တစ်ယောက်တော့ ခေါင်းထပ်ထိတာပေါ့၊ နားရွက်နားမှာ ဒါလည်း စိုးရိမ်ရ တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်ကလည်း အဆိုပါ တောင်ယာလုပ်ငန်းခွင်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ဦး ဒဏ်ရာ ရရှိခဲ့သေးသည်။

စစ်ဘေးရှောင် အမျိုးသားတစ်ဦးက “စနေနေ့ ကျောင်းပိတ်လို့ မိဘကူချင်တဲ့ စစ်ရှောင်ကျောင်းသူလေးက တောင်ယာ လိုက်သွားရင်း ထိသွားတာပေါ့နော်။ အခုတော့ တော်တော်လေး စိုးရိမ်နေရတာပေါ့၊ တောင်ယာခင်း သွားတဲ့ မိသားစုတွေကို လိုက်လံ ဗုံးကြဲတယ်ဆိုတော့၊ နေ့တိုင်းနီးပါး ဒရုန်းက သွားနေတာ” ဟု ပြောသည်။

တောင်ယာလုပ်ငန်းများ စတင်လုပ်ကိုင်သည့် ဇွန်လမှစ၍ တောင်ယာခင်းများရှိရာဘက်သို့ စစ်အုပ်စုတပ်က ရည်ရွယ်ချက်ရှိရှိ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး နေ့စဉ်ရက်ဆက် ကင်းထောက် ပျံဝဲလျက်ရှိ သည်။ ဩဂုတ်လအတွင်း ဒရုန်းဗုံးကြောင့် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

တောင်သူများမှာ စားဝတ်နေရေးအတွက် တောင်ယာစပါးနှင့် မြေပဲကို အဓိက စိုက်ပျိုးလုပ်ကိုင်ကြရသဖြင့် စစ်အုပ်စုတပ်၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် စိုးရိမ်မှုများရှိနေသော်လည်း လုပ်ကိုင်နေကြရသည်။

အဆိုပါ စစ်ဘေးရှောင် အမျိုးသားက “အရမ်းယုတ်မာသွားပြီ။ အပြစ်မဲ့ပြည်သူတွေကို ဗုံးလိုက်ကြဲရတယ်လို့။ ရှေ့ဆက်ဘယ်လိုလာဖို့ရှိမလဲ မသိသေးဘူး။ အများကြီး စိုးရိမ်နေကြရတယ်” ဟု ဆက်ပြောသည်။

စစ်အုပ်စုတပ်သည် ဒီးမော့ဆို - ဖရူဆို - ဘောလခဲ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ထားပြီး စစ်ကြောင်း ထိုး လှုပ်ရှားမှုများ ပြုလုပ်နေသလို စိုက်ပျိုးရေး လုပ်ကိုင်နေသူများကိုလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။

Most read this week

Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...
September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...