ကရင်နီ၌ စစ်အုပ်စုတပ် တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၉ ဦး သေဆုံး

ကရင်နီ၌ စစ်အုပ်စုတပ် တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၉ ဦး သေဆုံး

ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးငယ် တစ်ဦးနှင့် အမျိုးသမီး ၃ ဦး အပါအဝင် အရပ်သား ၉ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကန္တာရဝတီတိုင်း(မ်)၏ လက်လှမ်းမီသမျှ စာရင်းများအရ သိရသည်။

ယခုကဲ့သို့ အမျိုးသမီးများ အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းများ ကြုံတွေ့ရသည့်အခါ ကလေး သူငယ်များအပေါ် ကာကွယ်စောင့်ရှောက်မှု၊ ပညာရေးနှင့် အခြေခံလိုအပ်ချက်များ ရရှိနိုင်မှု လျော့နည်းလာ နိုင်ကြောင်း ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဋ္ဌ မော်ဖရေးမြာက ပြောသည်။

“အထူးသဖြင့် ကလေးတွေဟာ မိခင်၊ အမျိုးသမီးစောင့်ရှောက်သူတွေကို ဆုံးရှုံးရတဲ့အခါ ကာကွယ်စောင့် ရှောက်မှု၊ ပညာရေးနဲ့ အခြေခံလိုအပ်ချက်တွေ ရရှိနိုင်မှု လော့နည်းလာနိုင်ပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့ အမျိုးသမီး တွေအနေနဲ့လည်း မိသားစုဝင်တဦး ဆုံးရှုံးမှု၊ နေအိမ်နဲ့ အသက်မွေးဝမ်းကျောင်းပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှု ကြောင့် ဝင်ငွေမရှိခြင်း၊ အကြွေးတင်ခြင်း၊ အစားအစာမလုံလောက်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို ဆက်လက်ရင်ဆိုင်ရပါတယ်” ဟု မော်ဖရေးမြာက ပြောသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှစ၍ စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့် လစဉ်နီးပါး အမျိုးသမီးများ ထိခိုက် သေဆုံးမှုများ ရှိနေသည်။

ဩဂုတ်လ ၄ ရက်နေ့က ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း၌ ၅ လသားအရွယ် မိန်းကလေးငယ် တစ်ဦးနှင့် အသက် ၄၈ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရသကဲ့သို့၊ ဩဂုတ်လ ၁၁ ရက်နေ့တွင်လည်း လွိုင်ကော် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခု၌ အသက် ၄၆ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး ထိခိုက် သေဆုံးခဲ့သည်။

ထို့ပြင် ဩဂုတ်လ ၃ ရက်နေ့တွင် ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်း တောင်ယာလုပ်ငန်းခွင်၌ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ဦးနှင့် ဩဂုတ်လ ၂၅ ရက်နေ့တွင် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဒရုန်းဗုံးစ ထိမှန်ကာ ဒဏ်ရာ ရရှိခဲ့ကြသည်။

ထိခိုက်သေဆုံးသူများမှာ နေအိမ်တွင် ရှိနေစဉ်နှင့် တောင်ယာလုပ်ငန်းခွင်အတွင်း ရောက်ရှိနေစဉ် စစ်အုပ်စုတပ် ၏ ဒရုန်းဗုံးစ ထိမှန်ခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုများကြောင့် နေအိမ်နှင့် စာသင်ကျောင်း ပျက်စီးဆုံးရှုံး ခဲ့ရသည်။

စစ်အုပ်စုတပ်သည် ဩဂုတ်လ ၂၇ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ်နှင့် ဒရုန်းဖြင့် ကင်းထောက်မှုများကိုလည်း ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ - (ဩဂုတ်လ ၁၁ ရက်နေ့က လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းကို စစ်အုပ်စုတပ် အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မြင်ကွင်း / Crd)

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...