လုံးခင်းတွင် ကားဝပ်ရှော့ပြင်ဆရာတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

လုံးခင်းတွင် ကားဝပ်ရှော့ပြင်ဆရာတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ် လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာမှ ကားဝပ်ရှော့ပြင် ဆရာတစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

'ကိုဖိုးသား' ကားဝပ်ရှော့ဆိုင်မှ အသက် ၃၀ နှစ်ရွယ် ကားပြင်သည့် အမျိုးသားကို စစ်ကောင်စီတပ်က မေ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန်တွင် ဝင်ရောက်ဖမ်းဆီးသွားသည်ဟု လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက “ဖမ်းသွားတဲ့လူက နာမည်အရင်းတော့ မသိဘူး။ အများကခေါ်တာတော့ ကိုဖိုးသား လို့ပဲခေါ်တော့ ဖိုးသားလို့ပဲ သိရတယ်။ မနေ့က ရုတ်တရက်ဝင်ဖမ်းတာ သေနတ်တွေဘာတွေ ပစ် ဖောက်ပြီးဝင်ဖမ်းတာ” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် အမျိုးသားကို စစ်ကောင်စီတပ်မှ လုံးခင်းယမ်းတိုက်ဘက်သို့ ဖမ်းဆီးခေါ်သွားသည်ဟု သိရ သော်လည်း လက်ရှိအချိန်အထိ အဆက်အသွယ်မရှိသေးဘူးဟု ဒေသခံများက ဆိုသည်။

“ကားဝပ်ရှော့မှာက တခါတလေ ဒီဘက်က KIA၊ PDF ဘက်က ကားလေးဘာလေးလာပြင်ကြတာရှိတယ်။ ကားဝပ်ရှော့ပဲလေး ကားတစ်ခုဖြစ်ရင် ဘယ်သူမဆိုလာပြင်မှာပဲ။ အဲဒါကို KIA၊ PDF နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းတာ တဲ့” အခြား ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဒေသခံပြည်သူများ ပြောဆိုချက်အရ အဆိုပါ အမျိုးသားကို ကချင်လွတ်လပ်တပ်မတော် KIA၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF တို့နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲပြောဆိုကာ ဖမ်းဆီးသွားသည်ဟုဆိုသည်။ သို့သော် KNG သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖားကန့်တွင် ပြီးခဲ့သောလ ဧပြီလ ၁၀ ရက်နေ့တွင်လည်း မှော်ဝမ်းရပ်ကွက်နေ ဦးမင်းအောင် ဖမ်းဆီးခံရမှု၊ ၁၈ ရက်နေ့က ဆိုင်းဖရာရွာသား ၃၀ ကျော်၊ ၂၁ ရက်နေ့တွင် မှော်ဘုံရွာသား ၂၀၀ နီးပါး ဖမ်းဆီးခံလိုက်ရသည်။

ထို့အပြင် ဧပြီလ ၂၆ ရက်နေ့က ဆန်ခါနှင့် မဇွပ်ယန် ရွာသား ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး ၂၉ ရက်နေ့တွင် မလန်း ယန်ရွာသား ၂၉ ဦးလည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

Photo - ဖားကန့်မြို့တွင်းတစ်နေရာ မြင်ကွင်း

July 11, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများအားလုံး ပြန်လည် လွတ်...
July 9, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များ ပိတ်မိနေသည်မှာ ၁၀ ရက်မြောက်...
July 9, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာရှိ KBC ဘုရားကျောင်းအတွင်းသို့ စစ်တပ် လက်အောက်ခံ...
July 8, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း KTV ဆိုင်များ၊ လောင်းကစားရုံများနှင့်...