မန်တုံတွင် မခုတ်ချောင်းဖျား မြေရှားသတ္တုတူးဖော်မှု ရပ်ဆိုင်းရန် ဒေသခံများ တောင်းဆို

မန်တုံတွင် မခုတ်ချောင်းဖျား မြေရှားသတ္တုတူးဖော်မှု ရပ်ဆိုင်းရန် ဒေသခံများ တောင်းဆို
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)

ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့် ကျေးရွာများမှ ဒေသခံများ ကန့်ကွက်စာ ပေးပို့တင်ပြထားသည်မှာ ၄ လခန့် ကြာမြင့်လာပြီဖြစ်သော်လည်း အလေးထား တုံ့ပြန်ပြောဆိုခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

မန်တုံမြို့နယ်၌ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က မြေရှားသတ္တုတူးဖော်နေသည့် နေရာများအနက် လုပ်ငန်းခွင်တစ်ခုဖြစ်သော မခုတ်ချောင်း (ခေါ်) နမ့်လောင်ချောင်းဖျားရှိ မြေရှားသတ္တုဆိုက်ကို ရုပ်သိမ်းပေးရန် ဒေသခံများက တောင်းဆိုနေကြခြင်း ဖြစ် သည်။

"ခရိုင်ရုံး၊ မြို့နယ်ရုံးအထိ စာတင်ကန့်ကွက်ပေမဲ့ ဘာမှအကြောင်းမပြန်တာကြောင့် ရွာသားတွေအားလုံး အစည်းအဝေးလုပ်ပြီး PSLF/TNLA ဗဟိုအထိ စာတင်ပြီ။ ဗဟိုအထိ စာတင်တော့လည်း အခုထိ တိတ်တိတ် ဆိတ်ဆိတ်ပဲ ဘာမှမတုံ့ပြန်ဘူး။ ခဏခဏ သွားရောက်ရင်လည်း လူကြီးတွေမရှိဘူးပဲပြောလို့ ခက်နေတာ” ဟု မန်တုံမြို့နယ်၊ လွယ်ယားဒေသခံတစ်ဦးက ပြောသည်။

လွယ်ယားကျေးရွာ၊ တုန်ဟုန်းခမ်း၊ မန်ပြိန်းနှင့် ညောင်တန်ကျေးရွာတို့၏ ရေဦးရေထွက်ဖြစ်သော မခုတ်ချောင်းဖျားတွင် PSLF/TNLA က မြေရှားသတ္တုဆိုက် လုပ်ဆောင်နေခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာများသည် မန်တုံမြို့မှ အနောက်ဘက်ခြမ်း မိုင် ၂၀ ခန့်အကွာအဝေးတွင် တည်ရှိသည်။

မိမိတို့ကျေးရွာများ၏ ရေဦးရေထွက်တွင် မြေရှားသတ္တုဆိုက် လုပ်ဆောင်နေသောကြောင့် ဘေးထွက်ဆိုးကျိုး များကို စိုးရိမ်သည့် ဒေသခံများက ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့တွင် TNLA ဗဟိုကော်မတီရုံးအထိ ကန့်ကွက်စာ ပေးပို့တောင်းဆိုခဲ့ကြသည်။

ဒေသခံများသည် သက်ဆိုင်ရာ မြို့နယ်ရုံး၊ ခရိုင်ရုံးများသို့ စာတင်တောင်းဆိုမှုများ အရင်ပြုလုပ်ခဲ့သော်လည်း အရေးလုပ်ဆောင်ခြင်း မရှိသဖြင့် TNLA ဗဟိုကော်မတီရုံးအထိ ထပ်မံ တောင်းဆိုခဲ့ကြရာ အခု ဩဂုတ်လအထိ အကြောင်းပြန်ကြားမှု မရှိဘူးဟု ဆိုသည်။

ဒေသခံများသည် မခုတ်ချောင်း (ခေါ်) နမ့်လောင်ချောင်းကို အဓိကမှီခို၍ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းနေကြခြင်းဖြစ်ရာ ယခုကဲ့သို့ မြေရှားသတ္တုတူးဖော်နေမှုကြောင့် လယ်ယာမြေများ၊ ကျွဲ၊ နွား တိရစ္ဆာန်များ ထိခိုက်ပျက်စီး၊ သေကြေလာမည်ကို စိုးရိမ်နေကြသည်။

လွယ်ယားဒေသခံက “ရွာရဲ့ ရေဦးရေထွက်တွေမှာ မလုပ်ဘူး။ ဒေသခံပြည်သူတွေ အလိုမရှိရင်လည်း မလုပ် ဘူးဆိုပြီး သူတို့စီမံကိန်းစကာစ စာထုတ်ကြေညာထားပေမဲ့ သူတို့ရေးထားတဲ့စာနဲ့ လုပ်လာတာ ဆန့်ကျင် ဘက် ဖြစ်နေတယ်။ သွားပြောလည်း ဘာမှအရေးမလုပ်ဘူး။ သူတို့က လက်နက်ကိုင်တွေဆိုတော့ ရွာသားတွေလည်း အတင်းပြန်မလုပ်ရဲတော့ ခက်နေတယ်။ သူတို့က ဒီရေလမ်းကြောင်းမှာမဟုတ်ဘဲ တခြားနေရာကို သွားလိုက် ရင်တော့ ဘာမှမဖြစ်ဘူး။ အခု ဒီရေက ကျနော်တို့ဒေသခံတွေ အဓိက အားကိုးအားထားနေရတဲ့ ချောင်းဖြစ်နေ တာကြောင့်၊ သူတို့က ဒီရေလမ်းကြောင်းမှာ သတ္တုပြန်တူးလာတော့ အရမ်းစိုးရိမ်နေကြတယ်။ ဒီရေလမ်း ကြောင်းပေါ် မှီခိုပြီးနေနေတဲ့ ဒေသခံအားလုံးက အရမ်းစိုးရိမ်နေတယ်” ဟု ဆက် ပြောသည်။

လက်ရှိ မန်တုံမြို့နယ်အတွင်း နေရာ ၄ နေရာတွင် TNLA က သတ္တုဆိုက် လုပ်ဆောင်နေခြင်းဖြစ်သည်။

ပန်ခါးကြီးတွင် တစ်ခု၊ မခုတ်ချောင်း၏ ရေဦးရေထွက် ဖြစ်သော မန်လုံ၊ ယာမာရွာအနီးတွင် ဆိုက်တစ်ခုနှင့် မန်တုံမှ နမ္မတူ - နမ့်ဆန်သွား လမ်းဘက်တွင် ၂ ခု ရှိသည်။

အဆိုပါ သတ္တုဆိုက်လုပ်ငန်းများကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က တရုတ်လုပ်ငန်းရှင်များကို ခေါ်ယူကာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။

သတ္တုဆိုက်များအနက် ဘေးထွက်ဆိုးကျိုး တိုက်ရိုက်ခံစားကြရမည့် မခုတ်ချောင်းဖျားမှ သတ္တုဆိုက်ကို ဒေသခံများက ကန့်ကွက်နေကြခြင်းဖြစ်သည်။

မခုတ်ချောင်းဖျားပိုင်းတွင် TNLA သတ္တုတူးဖော်မည်ကို သတ္တုဆိုက်အနီးရှိ မန်လုံ၊ ယာမာကျေးရွာများမှ ဒေသခံအချို့က သဘောတူညီမှုများလည်း ရှိနေသည်။

သို့သော်လည်း လက်ရှိ သဘောတူနေသည့် အဆိုပါ ကျေးရွာများသည် မခုတ်ချောင်းမှ တိုက်ရိုက် ရေရယူသုံးစွဲခြင်း မရှိသဖြင့် တိုက်ရိုက် အကျိုးသက်ရောက်မှု မရှိဘဲ၊ အောက်ဘက်ပိုင်း ချောင်းတစ်လျှောက်ရှိ ကျေးရွာများက အဓိက ထိခိုက်မည့် အခြေအနေ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

မြေရှားသတ္တုဆိုက်အနီးရှိ မန်လုံ၊ ယာမာကျေးရွာများသည် တအာင်း (ပလောင်) ကျေးရွာများဖြစ်ပြီး TNLA တပ်ဖွဲ့သည် အဆိုပါရွာများထံမှ အဓိက သဘောတူညီမှု ရယူကာ မြေရှားသတ္တု တူးဖော်နေခြင်းဖြစ်သည်။

သို့သော် အခြားတစ်ဖက်တွင် မခုတ်ချောင်းအောက်ဘက်တစ်ကြောရှိ ကျေးရွာ ၄ ခုထက်မနည်းမှာ အဆိုပါ သတ္တုတူးဖော်မှုကြောင့် ဆိုးကျိုးများကို တိုက်ရိုက် ခံစားရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...
August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...