စစ်ပွဲကြားက ထွက်ပြေးတိမ်းရှောင်သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

စစ်ပွဲကြားက ထွက်ပြေးတိမ်းရှောင်သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး ဝင်ရောက်လာနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများ တစ်သောင်းကျော်အတွက် အရေးပေါ်အကူညီ လိုအပ်နေကြောင်း သိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ကာ စစ်အင်အား ၁၅၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ရေဦးမြို့နယ် ဆည်ကြီး၊ ဇိန့်ဇွန်းကျေးရွာမှ ဒီပဲယင်း ညောင်လှ၊ ဝဲကြီးကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ထိုကျေးရွာများတွင် တပ်စွဲနေထိုင်ကာ နေအိမ်များ မီးရှို့နေသောကြောင့် ကျေးရွာ ၅ ရွာမှ ပြည်သူများရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“၂၂ ရက်နေ့ကထွက်လာတယ် ၂၃ ရက်နေ့ကရောက်တယ်။ သူတို့စရောက်ကတည်းက လက်ယက်ကုန်း၊ညောင်လှ၊ မူကတွင်းကိုရှို့တယ် ဒီမနက်မှာ မရကန်ရယ်အခုကတော့ အုန်းတပင်ရွာကိုရှို့နေပါတယ်။ စုစုပေါင်း၅ရွာရှိပါပြီ” ဟု ပြောသည်။

စစ်ကောင်စီတပ်မှ နေအိမ်များ မီးရှို့ဖျက်ဆီးမှုကြောင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်း၊ မူးကတွင်း၊ ညောင်ကြီးကုန်း၊ မဲအိုး၊ သရက်တော၊ ညောင်လှ၊ ဝဲကြီး၊ ကုန်းကြီး၊ သပြေသာ၊ သစ်တုံ၊ မရကန်၊ တနယ်၊ ဆင်ရောက်ကုန်း၊ ပေါက်တော၊ နဘဲလှ စသည့်ကျေးရွာများမှ ဒေသခံများသည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်‌ပြီး အရေးပေါ်အကူညီ လိုအပ်နေသည်ဟု သူကဆက်ပြောသည်။

“ကျေးရွာ ၁၅ ရွာလောက် တိမ်းရှောင်နေရတာပါ ၄ ရက်အတွင်း  စစ်ရှောင်က၁ သောင်းကျော်လောက်ရှိသွားပြီ။ ကျနော်တို့ ကူညီပေးနေတာက ၇၀၀၀ လောက်ရှိတယ်။ အခက်အခဲတွေက အများကြီးပါ။ နေစရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါး အဲ့တာတွေက အဓိကလိုအပ်နေတာပါ”ဟု ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ဘေးရှောင်အများစုသည် စစ်ကောင်စီ စစ်ကြောင်း နှင့် ဝေးသော ကျေးရွာများမှ ဘုန်းကြီးကျောင်း၊ တောတောင် နှင့် တဲတိုက် များတွင်ခိုလှုံနေကြရသည်ဟု သူက ဆက်ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာလနှင့် ၂၀၂၃ ဇန်နဝါရီလ နှစ်လအတွင်း ဒီပဲယင်းမြို့နယ်မှ ကျေးရွာ ၃၇ ရွာ နှင့် စိုင်ပြင်မြို့ရပ်ကွက်နှစ်ခုမှ နေအိမ် ၃၅၀၀ နီးပါးကို မီးရှို့ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ခမရ–၃၆၄ မော်လိုက် အခြေစိုက်တပ်နှင့် ခလရ–၇၀၁ ပူးပေါင်းစစ်ကြောင်းဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းတစ်ခုလုံးတွင် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမူကြောင့် နေအိမ် ၃၅၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒီပဲယင်းမြို့နယ်တစ်ခုတည်းက နေအိမ် ၄၅၀၀ ကျော်ဆုံးရှုံးခဲ့ရကာ မြန်မာနိင်ငံတစ်နိုင်ငံလုံးတွင် အများဆုံး ပထမဖြစ်သည်ဟု စစ်ရှောင်ကူညီနေသူအဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများကို တစ်စုံတစ်ရာကူညီလှူဒါန်းလိုပါက ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့နှင့် ဒီပဲယင်း စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့တို့၏ ဖေ့ဘုတ်ပေ့ချ်များမှတစ်ဆင့် ဆက်သွယ်လှူဒါန်း နိုင်သည်။

ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...