ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသအတွင်း စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရပြီး စားဝတ်နေရေးနှင့် လုံခြုံရေး စိန်ခေါ်မှုများ ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင် များက ပြောသည်။
ဩဂုတ်လ ၁၁ ရက်နေ့က လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယနေ့အထိ စစ်အုပ်စု လေယာဉ်များ ကင်းထောက် ပျံဝဲနေသဖြင့် ကျောင်းရွာ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံ ၁,၀၀၀ နီးပါး နီးစပ်ရာ နေရာများတွင် တိမ်းရှောင်နေကြရသည်။
အချိန်မရွေး ထပ်မံ တိုက်ခိုက်ခံရနိုင်သော်လည်း စားဝတ်နေရေးအတွက် နေအိမ်နှင့် ဥယျာဉ်များကို သွားရောက် စောင့်ကြည့်နိုင်ရန် အနီးဝန်းကျင်တွင်ပင် စစ်ဘေးရှောင်နေရသဖြင့် လုံခြုံမှု မရှိကြောင်း ရေးချောင်းဖျား စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“လေယာဉ်နဲ့ဆိုတော့ ဘယ်မှာကြဲမှန်းမသိဘူး။ အခုကျောင်းရွာမှာ ရှောင်နေကြတယ်ဆိုပေမဲ့ ဒီမှာလည်း အချိန် မရွေး ဘာမဆိုဖြစ်သွားနိုင်တယ်။ ရှောင်ဖို့ ဘယ်နေရာမှ မလုံခြုံနေဘူး။ အခုဖြစ်နေတာက KNU ထိန်းချုပ် နယ်မြေပေါ့။”
ရေးချောင်းဖျား ဒေသတွင် ကွမ်းနှင့် ရာဘာ အပါအဝင် ဒေသထွက် သီးနှံများကို မှီခိုအားထား လုပ်ကိုင်နေကြ ရပြီး လေကြောင်း အန္တရာယ် စိုးရိမ်ရသည့် ကြားမှ နေအိမ် ဖောက်ထွင်းခံရမည်နှင့် ခြံထွက် သီးနှံများ ပျောက် ဆုံးမည်ကို စိုးရိမ်၍ ဥယျာဉ်ခြံများသို့ မဖြစ်မနေ သွားရောက် စောင့်ကြည့်နေကြရသည်။
ထို့ပြင် ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကျောင်းရွာ တစ်ဝိုက် ရေလွှမ်းမိုးခဲ့ပြီး စစ်ဘေးရှောင်များ သွားလာရေး အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။
တစ်ဖက်တွင်လည်း စစ်အုပ်စုတပ် လေယာဉ်များ နေ့ရောညပါ ကင်းထောက် ပျံဝဲနေပြီး ညဘက်တွင် အသံ နီးနီးကပ်ကပ် ကြားရကြောင်း ရေးဒေသခံတစ်ဦးက ပြောသည်။
“ညဘက်ဆို ၉နာရီလာတယ် တစ်ခါတလေ ၁၁ လောက်လာတယ်။ ကင်းထောက်တဲ့ပုံစံဖြစ်နေတာ ရွာအပြင် တဝိုက်မှာ ပတ်နေတယ်။ တခါတလေ နိမ့်နိမ့်လေပဲ။ အများစုကတော့ ထပ်ကြဲမှာကို စိုးရိမ်နေကြတယ် တချို့ ဆိုပြန်လာတာ မကြားသေးဘူး အခုပြန်ရှောင်နေရတယ်” ဟု ရေးချောင်းဖျား ဒေသခံက ပြောသည်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ၊ ရေးချောင်းဖျား ဒေသတွင် စစ်အုပ်စုတပ်က ပြီးခဲ့သည့် မေလအတွင်း လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အပြင် ဝေဟင်မှ ကင်းထောက် ပျံသန်းမှုများ နေ့ရောညပါ ပြုလုပ်ခဲ့သဖြင့် ဒေသခံ ၁,၀၀၀ ကျော် တိမ်းရှောင်ခဲ့ရပြီး ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှ နေရပ် ပြန်လည် ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ရေးမြို့နယ်၊ ကျောင်းရွာအုပ်စုရှိ ချောထာကျေးရွာနှင့် ကျောင်းတိုင်ကျေးရွာတို့၏ အနီးတွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းမှ ဗုံး ၅ လုံး ကြဲချ တိုက်ခိုက်ခဲ့ သည်။
တော်လှန်ရေး တပ်ဖွဲ့များ လှုပ်ရှားမှု အားကောင်းသည့် ရေးမြို့နယ်တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ စစ်အုပ်စုတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်လာလျက် ရှိသည်။







