ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ဆင်တပ်၊ ရေလဲနှင့် ကျောက်တလုံး ကျေးရွာများကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဩဂုတ်လ ၂၀ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ဆင်တပ်ကျေးရွာသို့ ဗုံး ၂ လုံး၊ ရေလဲကျေး ရွာသို့ ၁ လုံးနှင့် ကျောက်တလုံးကျေးရွာသို့ ၁ လုံး ကြဲချခဲ့ကြောင်း ရွှေကူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဒီမနက် ၁၀ နာရီလောက် ဂျက်ဖိုက်တာနဲ့ ဆင်တပ်ရွာမှာ ၂ လုံး၊ ရေလဲမှာ ၁ လုံး၊ ကျောက်တလုံးရွာမှာ ၁ လုံး လာချတယ်။ ထိခိုက်သေဆုံးတာတွေကတော့ စုံစမ်းနေဆဲပါ။ အခုတလော မိုးကလည်း ဆက်တိုက်ရွာနေတော့ မိုးသံနဲ့ လက်နက်ကြီး၊ လေကြောင်းသံတွေက မကွဲဘူး။ နေ့တိုင်းတော့ လေကြောင်းလာနေတယ်။”
အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် ဂျက်ဖိုက်တာ ၂ စီး အသုံးပြုခဲ့ပြီး ရွှေကူမြို့၏ တစ်ဖက်ကမ်းတွင် ရှိသည့် ဆင်တပ်ကျေးရွာတစ်ဝိုက်ကို လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူ အခြား အမျိုးသားတစ်ဦးက ပြောသည်။
“ဒီနေ့ ဂျက်ဖိုက်တာနှစ်စီးနဲ့ ကြဲနေတာ။ ဆင်တပ်ရွာတစ်လျှောက်၊ ရွှေကူမြို့ရဲ့ တစ်ဖက်ကမ်းပေါ့။ သူတို့က ကြဲရင် ဆေးရုံတို့၊ ဘုန်းကြီးကျောင်းတို့ကို ဦးစားပေးကြဲတယ်။”
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးသူ ရှိ၊ မရှိကို KNG အနေဖြင့် သီးခြား အတည် မပြုနိုင်သေးပေ။
ရွှေကူမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများမှာ ဆက်တိုက် ရှိနေခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၈ ရက်က လည်း ရွှေကူမြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ဗန်းမော်မြို့ဘက်မှ ထွက်ပြေးလာသည့် စစ်ရှောင် ပြည်သူများ ခိုလှုံနေသည့် မြို့ကုန်းကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသခံများနှင့် စစ်ရှောင်ပြည်သူများ ဆေးကုသမှု ခံယူနေသည့် မြို့ကုန်းကျေးရွာ ဆေးရုံကို စစ်အုပ်စုတပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံးကြဲခဲ့သောကြောင့် ဆေးရုံနှင့် ဆေးပစ္စည်းများ ထိခိုက်ပျက်စီးခဲ့သော်လည်း လူထိခိုက်သေဆုံးမှု မရှိခဲ့ဘူးဟု ဆိုသည်။
လက်ရှိတွင် ရွှေကူမြို့နယ်အတွင်း KIA ပူးပေါင်းတပ်များနှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက် ရှိပြီး လေကြောင်းတိုက်ခိုက်မှုများအပြင် လက်နက်ကြီးနှင့် ဒရုန်းများ အသုံးပြု၍ ပစ်ခတ်မှုများလည်း ဆက် ရှိနေသည်။







