နမ့်ခမ်း၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြောင်းပြ၍ TNLA ဝင်ရောက်တပ်စွဲ

နမ့်ခမ်း၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြောင်းပြ၍ TNLA ဝင်ရောက်တပ်စွဲ
ဓါတ်ပုံ - နမ့်ခမ်းမြို့နယ်ဆိုင်းဘုတ်နှင့် TNLA တပ်ဖွဲ့ဝင်အချို့
ဓါတ်ပုံ - နမ့်ခမ်းမြို့နယ်ဆိုင်းဘုတ်နှင့် TNLA တပ်ဖွဲ့ဝင်အချို့

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” ဟု ဆိုကာ ဝင်ရောက်တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လ အတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာ ကျေးရွာနှင့် ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက် တပ်စွဲနေထိုင်နေကြောင်း နမ့်ခမ်းမြို့ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ကျေးရွာတစ်ရွာလျှင် TNLA တပ်ဖွဲ့ဝင် ၁၀ ဦးဝန်းကျင် ရောက်ရှိနေထိုင်လျက်ရှိသည်။

နမ့်ခမ်းမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက “TNLA တပ်သားတွေရှိနေတော့ ပထမဆုံးအနေနဲ့ ဒေသခံတွေက တော့ လုံခြုံရေးအတွက် စိုးရိမ်ကြတယ်။ သူတို့လည်း အကြံတခုခုရှိရင်ရှိမယ်။ ရွာသားတွေကို စောင့်ကြည့်တာ လည်း ဖြစ်နိုင်ပါတယ်။ အခုက ရွာထဲလက်နက်ကိုင်တွေရှိနေတော့ လူထုက စိတ်မလုံခြုံသလို ခံစားရတယ်” ဟု ပြောသည်။

အဆိုပါ ကျေးရွာများသည် ကျေးရွာတစ်ရွာလျှင် အိမ်ခြေ ၂၀၀ ဝန်းကျင်စီ ရှိကြောင်း ဒေသခံများ၏ ပြောပြချက် အရ သိရသည်။

TNLA တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာကို ဖြတ်သန်းသွားလာရသည့်အတွက် ဒေသခံများအနေဖြင့် စစ်ဆေးခံရမှုများ ရှိလာပြီး စစ်ဆေးရေးဂိတ်ကဲ့သို့ နေရာများကိုပါ ပြုလုပ်ထားကြောင်း နမ့်ခမ်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ဆက် ပြောသည်။

၎င်းက “ဒေသခံတွေတော့ ရွာထဲ ဒီလိုလာပြီး တပ်ဆွဲတာကို သဘောမကျဘူး၊ ခွင့်မပြုဘူး။ အလုပ်သွား လယ် ယာသွားတာကစ သူတို့ရှိတဲ့ နေရာကို ဖြတ်သန်းသွားလာနေရတာ။ ပြီးတော့ ဒေသခံတွေအတွက် လွတ်လပ်မှု မရှိဘူး ဆိုတာမျိုး ခံစားရတယ်။ ခုက ရုတ်တရက် ရွာထဲဝင်ပြီး ရှိတဲ့မြေကွက် အလွတ်တွေ၊ နေရာ လွတ်တွေ မှာ လာနေကြတာ” ဟု ပြောသည်။

ယခင်က အဆိုပါ ကျေးရွာများအတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များ တပ်စွဲထားခြင်း မရှိဘဲ ယခု ဩဂုတ်လမှသာ TNLA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာခြင်း ဖြစ်သည်။

“မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အတွက်ဟု ဆိုသော်လည်း ရွာအတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဝင်ရောက် တပ်စွဲထားခြင်းသည် ဒေသခံများအတွက် အဆင်မပြေကြောင်း ဆိုကြသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရန် လိုအပ်ပါက ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ကျေးရွာအတွင်း လမ်း လျှောက် ကင်းလှည့်၍ လုံခြုံရေးယူခြင်းများ ဆောင်ရွက်နိုင်သော်လည်း ကျေးရွာအတွင်း တပ်စွဲနေထိုင်ခြင်းကိုမူ လက်မခံကြောင်း ဒေသခံများက ပြောသည်။

TNLA တပ်ဖွဲ့ဝင်များ ရွာအတွင်း တပ်စွဲနေခြင်းကြောင့် ဒေသခံများအနေဖြင့် စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်ခံရမည့် အခြေအနေကို စိုးရိမ်နေကြရသည့်အပြင် ရိက္ခာနှင့် သောက်သုံးရေ လိုအပ်ချက်များ အပေါ် ၌လည်း ပူပန်လျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL) အရ ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့များ သည် အရပ်သားများနှင့် အရပ်သားနေရာများကို ကာကွယ်ရန်နှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် အရပ်သား ထိခိုက်မှုကို လျှော့ချရန် တာဝန်ရှိသည်။ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ရာတွင်လည်း အရပ်သားများ ထိခိုက် မှု မရှိစေရန် အမြဲတမ်း ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည် ဖြစ်သည်။

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...