မူဆယ်-နမ့်ခမ်းလမ်း၌ ပစ်ခတ်မှုဖြစ်ပြီး KIA ဂိတ် ဖျက်ဆီးခံရမှု နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းနေဆဲ

မူဆယ်-နမ့်ခမ်းလမ်း၌ ပစ်ခတ်မှုဖြစ်ပြီး KIA ဂိတ် ဖျက်ဆီးခံရမှု နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းနေဆဲ
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
ဓာတ်ပုံ – KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။

ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို ဒေသခံ များက အင်အားသုံး ဖျက်ဆီးခဲ့သည့် အကြောင်းရင်းနှင့် ပတ်သက်၍ KIA ဘက်မှ တာဝန်ယူ ဖြေရှင်းပေးနေဆဲ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တာဝန်ရှိသူက ပြောသည်။

ဖြစ်စဉ်မှာ မူဆယ်မြို့နယ်၊ နမ့်လိုင်ကျေးရွာအနီးရှိ KIA ဂိတ်တွင် ယာဉ်များကို တားဆီးစစ်ဆေးနေစဉ် မောင်း ပြေးသွားသည့် ကားတစ်စီးအား KIA တပ်သားတစ်ဦးက သေနတ်ဖြင့် လိုက်လံပစ်ခတ်ရာမှ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဒေသခံများက KIA ဂိတ်ကို ဝိုင်းဝန်းဖျက်ဆီး မီးရှို့ခဲ့ကြသည့်အပြင် သေနတ်ပစ်ခတ်ခဲ့သူ KIA တပ်သားကိုလည်း ဖမ်းဆီးချုပ်နှောင်ခဲ့ကြသည်။

ဒေသခံများ အင်အားသုံး ဖျက်ဆီးရသည့် အဓိကအကြောင်းရင်းနှင့် နောက်နောင် အလားတူ ပြဿနာများ မဖြစ်ပွားစေရေးအတွက် ကွတ်ခိုင် KIO တိုက်နယ်ရုံးအဆင့်တွင် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးနေဆဲဖြစ်ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ကျနော်တို့ KIA တပ်သားကို စစ်ရေးစည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူမှာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ အင်အားနဲ့ အခုလိုလုပ်ဆောင်ရခြင်းက အဖွဲ့အစည်းနှစ်ခုကြား စိတ်ဝမ်းကွဲမှုပိုဖြစ်စေလာနိုင်တယ်။ ဒါကြောင့် ပြည်သူတွေက ဘာရည်ရွယ်ချက်နဲ့ အခုလိုလုပ်ရသလဲဆိုတာ ရှင်းလင်းယူမှာဖြစ်တယ်။ မဟုတ်ရင် နောက် နောင်လည်း ဒီလိုတွေ ဆက်ဖြစ်လာမှာ စိုးရတယ်။”

ဩဂုတ်လ ၂၀ ရက်နေ့အထိ အဆိုပါကိစ္စနှင့် ပတ်သက်၍ ကွတ်ခိုင် KIO တိုက်နယ်ရုံးအဆင့်တွင် ဒေသခံများနှင့် KIA တာဝန်ရှိသူများ တွေ့ဆုံဖြေရှင်းနေကြဆဲ ဖြစ်သည်။

သေနတ်ပစ်ခတ်ခဲ့သူ KIA တပ်သားကိုလည်း သက်ဆိုင်ရာ KIA တပ်ရင်းတပ်ဖွဲ့က ပြန်လည်ခေါ်ယူထားပြီး စစ်ရေးစည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု KIO ဘက်က ပြောဆိုထားသည်။ သေနတ်ကျည်ထိမှန်ခဲ့သည့် နမ့်စန့်ဒေသခံ အမျိုးသားမှာလည်း မူဆယ်ဆေးရုံတွင် ဆေးကုသမှု ခံယူအပြီး ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။

လက်ရှိတွင် မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ နမ့်လိုင်နှင့် နမ့်လောင်းကျေးရွာကြား ဖျက်ဆီးခံခဲ့ရသည့် ဂိတ်စခန်း၌ KIA ဘက်က ဆက်လက်နေရာယူ အထိုင်ချထားသည်။

ယာဉ်တားဆီးစစ်ဆေးသည့် ဂိတ်တွင် ရပ်မပေးဘဲ မောင်းပြေးသည့် ယာဉ်ကို လိုက်လံပစ်ခတ်ခြင်းသည် တာဝန်အရ လုပ်ဆောင်ခြင်းဖြစ်သော်လည်း အခြားအရပ်သား ထိခိုက်သွားရခြင်းမှာ မမျှော်လင့်ထားသည့် မတော်တဆမှု ဖြစ်ကြောင်း KIO အရာရှိတစ်ဦးက ရှင်းပြသည်။

“ဂိတ်ဆိုတာ လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးဖို့ တာဝန်ရှိတယ်။ ဒီမှာ တားဆီး နေပေမယ့် မရပ်ပေး ဘဲ မောင်းပြေးသွားသူကို ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်၊ နိုင်ငံတကာ အဖွဲ့အစည်းက ကြည့်ကြည့် ပစ်ခတ်တဲ့ တပ် သားဘက်ကနေ မမှားဘူး၊ သူ့တာဝန်သူလုပ်ခြင်း ဖြစ်တယ်။ ထိမှန်သွားတယ်ဆိုတာက မျှော်လင့်မထားဘဲ မတော်တဆ ထိခိုက်မှုဖြစ်တယ်။ ဒီလိုမတော်တဆမှုမှာ ပြည်သူတွေက တပ်သားတစ်ဦးကို လာဖမ်း ဆီးတာ၊ ဂိတ်ကို လာရောက်ဖျက်ဆီး မီးရှို့တာတွေက မလုပ်သင့်တဲ့အရာ ဖြစ်တယ်။ ဒီကိစ္စကို ဘာကြောင့်လဲ ဆိုတဲ့ ဘက်ကနေ သေချာဖြေရှင်းယူရမယ့်ကိစ္စဖြစ်တယ်။”

မူဆယ်-နမ့်ခမ်းလမ်းပေါ်၌ အထိုင်ချထားသည့် နမ့်လိုင်ရွာအနီးမှ KIA ဂိတ်သည် အဓိကအားဖြင့် မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်မှုများကို စစ်ဆေးအရေးယူခြင်းနှင့် ယာဉ်များကို တားဆီးစစ်ဆေးခြင်းများ ပုံမှန်လုပ်ဆောင်နေ သည့် ဂိတ်ဖြစ်သည်။

အဆိုပါဂိတ်တွင် စစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် ဒေသတွင်း လက်နက်ကိုင်အချို့နှင့် ချိတ်ဆက်ကာ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေသူများအတွက် အတားအဆီးတစ်ခု ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “ဂိတ်က နမ့်ခမ်းမြို့ဘက်အဝင် လမ်းဘက်ရှိတယ်။ အဲဒီက ရှမ်းလက်နက်ကိုင်တွေ လည်း အဲဒီဂိတ်ကို ဖျက်ချင်နေတာ ကြာလှပြီတဲ့။ သူတို့က လက်နက်ကိုင်အချင်းအချင်းဆိုတော့ မလုပ် ကောင်း လို့ အခု ဒီကိစ္စဖြစ်လာတော့ အရပ်သားဝတ်နဲ့ အများကြီး ဝင်ပါကြတာတွေ့ရတယ်။ နဂိုကတည်းက ငိုချင်နေ တာ အမေရိုက်လိုက်တာနဲ့ကွက်တိ’ ဆိုတဲ့ စကားပုံအတိုင်းဖြစ်သွားတာပေါ့” ဟု ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ KIO ကွတ်ခိုင်တိုက်နယ် အဆင့်တွင် နှစ်ဖက်ညှိနှိုင်းဖြေရှင်းနေပြီး အဆင်မပြေ ပါက ဗဟိုဌာနချုပ်အထိ တင်ပြသွားရန် ရှိသည်။ ထို့ပြင် ရှမ်းနှင့် ကချင်ပြည်သူများအကြား အွန်လိုင်းပေါ်တွင် သွေးခွဲမှုနှင့် အမုန်းစကားများ မပြန့်ပွားစေရေး သတိထားရန် လိုအပ်ပြီး နှစ်ဖက်ကြား နားလည်မှုရှိရှိ ဆက်လက်ဖြေရှင်းသွားမည် ဖြစ်သည်။

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...