ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်အုပ်စု ရေယာဉ်အုပ်စု ထီးချိုင့်သို့ ရောက်ရှိ

ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်အုပ်စု ရေယာဉ်အုပ်စု ထီးချိုင့်သို့ ရောက်ရှိ
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)

မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ် ၏ စစ်သင်္ဘောအုပ်စုသည် ယခုခါ ထီးချိုင့်မြို့နယ်ထဲသို့ ရောက်ရှိလာပြီ ဖြစ်သည်။

ဩဂုတ်လ ၂၃ ရက်နေ့ ညပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ ပန်းပင်ကျေးရွာအနီး ကျောက်ချခဲ့ပြီးနောက် ဩဂုတ်လ ၂၄ ရက်နေ့တွင် ထီးချိုင့်မြို့နယ်အတွင်းသို့ စတင်ဝင်ရောက်လာကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

အဆိုပါ စစ်အုပ်စု၏ ရေယာဉ်အုပ်စုတွင် တိုက်ခိုက်ရေးသင်္ဘော ၂ စီး၊ ဖလပ်သံကွန် ၄ စီး၊ သဲစုပ်သင်္ဘော ၁ စီးနှင့် ကုန်တင်တွဲတွန်း ၈ စီး စုစုပေါင်း ရေယာဉ် ၁၅ စီး ပါဝင်သည်။

အဆိုပါ သင်္ဘောအုပ်စုသည် တကောင်းမြို့သို့ နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် ရောက်ရှိခဲ့ပြီး မွန်းလွဲ ၃ နာရီဝန်း ကျင်၌ ထီးချိုင့်မြို့နယ်အတွင်းသို့ စတင်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ထီးချိုင့်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးက အတည်ပြုသည်။

ထီးချိုင့်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးက “တကောင်းကိုက နေ့လည် တစ်နာရီခွဲလောက် ရောက်တယ်။ ထီးချိုင့်မြို့ပေါ်တော့ မရောက်သေးဘူး။ ထီးချိုင့်မြို့နယ်တော့ စဝင်နေပြီလို့ သိရတယ်။ ဒီနှုန်း အတိုင်းဆို ညနေ ကသာလောက်ထိ ရောက်နိုင်တယ်” ဟု ပြောသည်။

စစ်အုပ်စု၏ ရေယာဉ်အုပ်စု ဆန်တက်လာသည့် လမ်းကြောင်းတစ်လျှောက်ဖြစ်သည့် တကောင်းမြို့ အောက် ဘက် ရေယဉ်ကျေးရွာတစ်ဝိုက်ကို ဖြတ်သန်းစဉ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်သင်္ဘောအုပ်စု၏ ဦးတည်ရာနှင့် ပတ်သက်၍ ဗန်းမော် သို့မဟုတ် ကသာဘက်သို့ ဆက်လက်ဆန်တက် လာနိုင်ကြောင်း ဗန်းမော်ဒေသမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ခန့်မှန်းသည်။

ဗန်းမော်ဒေသမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ဗန်းမော်အထိတော့ လာဖို့ plan ပဲ။ ဒီလောက်အထိ တက် လာရင်တော့ ဗန်းမော်မဟုတ်ရင် ကသာလောက်တော့ သေချာပေါက်ရောက်အောင် တက်မှာပဲ။ ဒီ target နဲ့ ဒီပုံစံတက်လာတဲ့ဟာဆိုရင် သူတို့က တပ်မ သုံးခုလောက် အင်အားစာ ပါလာတယ်ဆိုတဲ့ အနေအထားအရ ဆိုရင် တော့ ဗန်းမော်ပဲ ဖြစ်လောက်တယ်” ဟု သုံးသပ်သည်။

တစ်ဖက်တွင် စစ်သင်္ဘောများ ဆန်တက်လာစဉ် ကသာမြို့နယ်အတွင်းရှိ မြစ်ကမ်းဘေး ကျေးရွာများဘက်၌ Y-12 လေယာဉ်များ၊ ဂျက်ဖိုက်တာများဖြင့် ပျံသန်းကင်းထောက်မှုများ ရှိနေသဖြင့် ဒေသခံများ သတိထားနေကြရ သည်။

ကသာဒေသခံတစ်ဦးက “သင်္ဘောက တက်လာတာဆိုတော့ သူတို့က နယ်မြေရှင်းလင်းရေးက မဖြစ်မနေ လုပ် မှာ။ အဲ့ဒါဆိုတော့ လူစုလူဝေးကတော့ ရှောင်ထားမှကို ဖြစ်မှာ။ Y-12 တွေလည်း ဝဲနေတယ်။ တအားကို နီးနီး ကပ်ကပ်ကြီး ဂျက်ဖိုက်တာတွေရော။ အဲတော့ ကြောက်တာနဲ့ ပြေးကြတာ။ လေကြောင်းက တော်တော် ဂရု စိုက်ရမှာ။ သင်္ဘောမလာခင် ကြိုတင်ပြီး နယ်မြေရှင်းလင်းရေး လုပ်တာတွေ ဘာတွေနဲ” ဟု ပြောသည်။

အလားတူ ရွှေကူမြို့နယ်အတွင်း၌လည်း စစ်သင်္ဘောများ တက်လာသည့်နေ့မှစ၍ စစ်အုပ်စုတပ်က ဂျက်ဖိုက် တာများဖြင့် ဆပ်တပ်၊ ရေလဲ၊ မိုးစစ် စသည့် ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် နေထိုင်ကြသည့် ဒေသခံများမှာ အခြေအနေကို စောင့်ကြည့် နေရပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် ပြင်ဆင်ထားကြရသည်။ စစ်သင်္ဘောအုပ်စု၏ နောက်ဆုံး ဦးတည်ရာနှင့် သယ်ဆောင်လာသည့် ပစ္စည်းများ အသေးစိတ်ကိုမူ သီးခြား အတည်မပြုနိုင်သေးပေ။

၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များကလည်း မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ဆန်တက်လာသည့် စစ်အုပ်စု သင်္ဘောများမှာ ဗန်းမော်မြို့အထိ ရောက်ရှိခဲ့ဖူးသည်။

ပြီးခဲ့သည့်နှစ်က စစ်သင်္ဘောများ ဗန်းမော်သို့ ရောက်ရှိပြီးနောက် စစ်အုပ်စုတပ်က တစ်ကျော့ပြန်ထိုးစစ်များ စတင်ခဲ့သဖြင့် ဗန်းမော်မြို့အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ကာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်း တပ်များ သိမ်းပိုက်ထားသည့် အမတ (၃၆၆) နှင့် လေယာဉ်ကွင်း အပါအဝင် နေရာအချို့ ပြန်လည် လက်လွှတ်ခဲ့ ရသည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...