စုဖွဲ့မှုသစ်များနှင့်အတူ SCEF တွင် အဖွဲ့ဝင်များ တိုးပွားလာ

စုဖွဲ့မှုသစ်များနှင့်အတူ SCEF တွင် အဖွဲ့ဝင်များ တိုးပွားလာ
ဓာတ်ပုံ - NUG
ဓာတ်ပုံ - NUG

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသား မဟာမိတ်များနှင့် စုဖွဲ့ထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တွင် အဖွဲ့ဝင်အဖြစ် ဗမာလူမျိုးစု အခြေပြု တော်လှန်ရေး အဖွဲ့အစည်းနှစ်ခု ထပ်မံ တိုးလာသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖက်ဒရယ် ဦးဆောင်ကောင်စီ (SCEF) နှင့် ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၊ လွှတ်တော် အပါအဝင် မန္တလေးဒေသတို့အကြား ဒုတိယကြိမ် တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့် သီးခြားစီ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် SCEF ၏ ဖွဲ့စည်းပုံဆိုင်ရာ စုဖွဲ့မှု၊ လုပ်ငန်းဆောင်ရွက်မှု မူဘောင်၊ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်အဆိုပြုချက်များကို ရှင်းလင်းတင်ပြပြီး အပြုသဘောဆောင်စွာ ဆွေးနွေးခဲ့ကြ ကြောင်း အဖွဲ့အသီးသီးက သတင်း ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁၃ ရက်နေ့က SCEF နှင့် ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၊ လွှတ်တော်တို့ တွေ့ဆုံမှု အတွင်း ကျန်ရှိနေသေးသည့် အသေးစိတ် အချက်အလက်များကို တတိယအကြိမ် အစည်းအဝေးတွင် ဆက် လက် ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။

ထို့ပြင် ဩဂုတ်လ ၁၄ ရက်နေ့တွင်လည်း SCEF နှင့် မန္တလေးဒေသတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မန္တလေးဒေသ အနေဖြင့် SCEF ၌ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဆိုသည့် သဘောတူညီချက်များ ရယူ အတည်ပြု နိုင်ခဲ့သည်။

အလားတူ စစ်ကိုင်းဖက်ဒရယ်ယူနစ် တာဝန်ရှိသူများထံမှလည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်း ရေး ဦးဆောင်ကောင်စီ (SCEF) ၌ အဖွဲ့ဝင်အဖြစ် ပါဝင်မည်ဖြစ်ကြောင်း အကြောင်းပြန်ကြားချက် ရရှိထား ကြောင်း SCEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် တိုင်းရင်းသား မဟာမိတ်များဖြစ်ကြသည့် KIO၊ KNU၊ CNF နှင့် ကရင်နီပြည်တို့က ပြီးခဲ့သည့် မတ်လနှောင်းပိုင်းတွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လက်ရှိအချိန်တွင် SCEF အနေဖြင့် နွေဦးတော်လှန်ရေး၏ တပ်ဦးဖြစ်သည့် NUG၊ CRPH နှင့် တိုင်းရင်းသား မဟာမိတ်များ အပါအဝင် အညာဒေသအခြေစိုက် စစ်ကိုင်းဖက်ဒရယ်ယူနစ်နှင့် မန္တလေးဒေသ စသည့် အဖွဲ့ဝင် ၈ ဖွဲ့အထိ စုဖွဲ့လာနိုင်ပြီ ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်ကလည်း AA၊ မွန်နှင့် ပအိုဝ်း စသည့် တိုင်းရင်းသား အင်အားစုများအပြင် နွေဦး တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) နှင့် အခြား နွေဦးတော်လှန်ရေး အင်အားစုများကိုလည်း SCEF က သီးခြားစီ တစ်ဖွဲ့ချင်း ဖြစ်စေ၊ အုပ်စုလိုက် ဖြစ်စေ ပထမကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ ကြသည်။

မွန်ပြည်မှ တော်လှန်ရေး အစုအဖွဲ့များအားလုံး တစ်စုတစ်စည်းတည်း SCEF တွင် ပြည်နယ်ကိုယ်စားပြုအဖြစ် ပါဝင်နိုင်ရေး ကြိုးစားနေသလို အချင်းချင်းလည်း ချိတ်ဆက် ဆောင်ရွက်နေကြောင်း မွန်ပြည်ဖက်ဒရယ် ကောင် စီ၊ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်စိုင်းက သံလွင်တိုင်းမ်သို့ ပြောဆိုထားသည်။

ဩဂုတ်လ ၇ ရက်နေ့က SCEF ၏ မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့နှင့် စစ်မဟာဗျူဟာ ပေါင်းစပ် ညှိနှိုင်း ကွပ်ကဲရေးကော်မတီတို့ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့သည့် ပူးတွဲအစည်းအဝေးတွင် ပူးတွဲ ဥက္ကဋ္ဌ နှစ်ဦး၊ အတွင်းရေးမှူး တစ်ဦးနှင့် တွဲဖက်အတွင်းရေးမှူး နှစ်ဦးတို့ကို ရွေးချယ် တာဝန်ပေးအပ်ခဲ့ပြီး ဖြစ်သည်။

စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရေးကော်မတီ၏ ပူးတွဲ ဥက္ကဋ္ဌများအဖြစ် ကချင်လွတ်လပ်ရေး တပ်မ တော် (KIA) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ ပါဝင်ပြီး အတွင်းရေးမှူး တာဝန်ကိုမူ NUG က တာဝန်ယူမည် ဖြစ်သည်။

ဩဂုတ်လ ပထမပတ်အတွင်း ကျင်းပခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်မှူးကြီးများ အစည်းအဝေး တွင်လည်း SCEF ၏ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးနှင့် ကွပ်ကဲရေးကော်မတီ၌ မဟာဗျူဟာကျကျ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်ခဲ့ကြသည်။

ထို့ပြင် စစ်ဒေသ အသီးသီးတွင် သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ အားလုံးနှင့် လက်တွဲ၍ “ပြည်သူ့ခုခံတွန်းလှန်စစ်” မှ “မဟာဗျူဟာထိုးစစ်” သို့ တက်လှမ်းနိုင်ရေး ဦးတည် ပြင်ဆင် ဆောင်ရွက်သွားရန် လုပ်ငန်းစဉ်များ ရေးဆွဲခဲ့ကြသည်။

တိုင်းရင်းသား မဟာမိတ်များထဲမှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကမူ တော်လှန်ရေး အင်အားစု များအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းသည် ခုခံတော်လှန်ရေး အောင်မြင်ရန် အရေး ကြီးသည့် အခြေခံအချက်များ ဖြစ်ကြောင်း ထောက်ပြထားသည်။

ထို့ပြင် မိမိတို့၏ အမျိုးသားရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် ပြည်သူနှင့်အတူ ရပ်တည် ခြင်း၊ ပြည်သူကို သစ္စာစောင့်သိခြင်းတို့လည်း ပါဝင်ကြောင်း ဩဂုတ်လ ၁၇ ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ၌ KNPP က ထည့်သွင်း ဖော်ပြထားသည်။

SCEF အနေဖြင့် စစ်အုပ်စုတပ်၏ အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၍ ပဋိပက္ခကို ဖြစ်စေသည့် အရင်းခံ အကြောင်းရင်းများကို ဖြေရှင်းကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ် တည်ဆောက်နိုင်မည့် နိုင်ငံရေး အသွင်ကူးပြောင်းရေးကို ဦးတည် ရည်မှန်းထားကြောင်း ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန် အသိပေးထား သည်။

ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...
ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...
ဓာတ်ပုံ - CJ / Crd
August 20, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ၄ လကျော် ကာလ...