ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင် အလယ် တန်းပြ ဆရာ/မများ ရောက်ရှိလာခြင်း မရှိသေးသဖြင့် ကျောင်းသားများ စာမသင်ကြားရဘဲ ဖြစ်နေကြောင်း ရွာသားများက ပြောသည်။
အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဇူလိုင်လမှစ၍ ကျောင်းများ ဖွင့်လှစ်သင်ကြားနေပြီ ဖြစ်သော်လည်း နတ်ထောင့်ရွာမှ အလယ်တန်း ကျောင်းသား/သူများသည် ကျောင်းဖွင့် ရာသီ ၂ လနီးပါး ကြာမြင့်သည့်တိုင် စာမသင်ကြားရသေးပေ။
နတ်ထောင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှစိန်က “ဖုံသာချောင်းဒေသက ဝေးလွန်ပြီး ခေါင်တော့ ဆရာ/မ တွေ သိပ်မလာချင်ကြဘူး။ အလယ်တန်းမှာက ကျောင်းဆရာ နှစ်ဦး ရှိတယ်။ အလယ်တန်းပြ ဆရာနှစ်ယောက် စလုံး အပြောင်းအရွှေ့ တင်ထားကြတယ်။ ဒါပေမဲ့ အော်ဒါက မကျသေးဘူးဆိုတော့ သူတို့မှာ ဒီကိုလာပြီး ကျောင်းပြပေးရမယ့် တာဝန်ရှိတယ်။ အခု အရင်ကျပြီးသား ဆရာတွေလည်း ရောက်မလာဘူး။ ဆရာအသစ် လည်း မကျလာတော့ အလယ်တန်း ကလေးတွေက အခုထက် စာမသင်ကြရသေးဘူး” ဟု ပြောသည်။
နတ်ထောင့် (ရွာဟောင်း) ကျေးရွာရှိ မူလတန်း (လွန်) ကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်း ၁၃၆ ဦးကျော် ရှိပြီး ယင်းအနက် အလယ်တန်း ကျောင်းသား/သူ ၆၂ ဦး ပါဝင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
လက်ရှိတွင် မူလတန်း ကျောင်းသား/သူ ၇၃ ဦးကို မူလတန်း ဆရာ/မ ၃ ဦးဖြင့် သင်ကြားပေးနေသော်လည်း အလယ်တန်း ကျောင်းသား/သူများမှာ စာမသင်ရသေးသဖြင့် သားသမီးများ၏ ပညာရေးအပေါ် မိဘများက စိုးရိမ်လျက်ရှိသည်။
နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင် တာဝန်ကျနေသည့် ကျောင်းအုပ်ဆရာကြီးမှာလည်း ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသမှု ခံယူနေရ၍ လာရောက်နိုင်ခြင်း မရှိသေးပေ။
ရွာသားများက အလယ်တန်းပြဆရာများ ကျောင်းလာရောက် သင်ကြားပေးရန် ကျောင်းအုပ်ထံ သွားရောက် တွေ့ဆုံခဲ့ကြရာ ကျောင်းအုပ်ဆရာက ထိုဆရာများအား ကျောင်းပြန်ရန် ညွှန်ကြားထားသော်လည်း လာရောက် ခြင်း မရှိသေးကြောင်း သိရသည်။
ထို့ကြောင့် ရွာသားများက ခရိုင်ပညာရေးမှူးရုံးသို့ သွားရောက်ခဲ့ကြရာ ပညာရေးမှူးက အဆိုပါ အလယ်တန်းပြ ဆရာများ စာလာရောက် သင်ကြားပေးခြင်းမရှိပါက လစာ ရပ်ဆိုင်းမည်ဟုသာ ပြောဆိုခဲ့ပြီး အစားထိုး ဝန်ထမ်း ထပ်မံ ချထားပေးရေး ကိုမူ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။
လက်ရှိတွင် နတ်ထောင့်ရွာမှ အလယ်တန်း ကျောင်းသား/သူများသည် အခြားနေရာသို့ ပြောင်းရွှေ့ ပညာသင် ကြားရန် ငွေကြေး အခက်အခဲ ရှိကြပြီး သားသမီးများ ပညာရေး ကျောင်းပြင်ပ ရောက်ရှိသွားမည်ကို ပူပင်နေ ကြကြောင်း ကျောင်းသားမိဘများက ဆိုသည်။
နတ်ထောင့် (ရွာဟောင်း) မှ ကျောင်းသားမိဘတစ်ဦးက “ကျနော်တို့ ဒေသကလူတွေက ဆင်းရဲကြတယ်လေ။ ကလေးတွေကို မြို့ပေါ်မှာ ကျောင်း မထားနိုင်ကြဘူး။ ကိုယ်ရွာမှာတောင် မနည်းရုန်းကန်ပြီး ကျောင်းထားတာ။ ကလေးတွေ ကိုသနားတယ်။ ခုတောင် ကလေးတွေ တောင်သွားလိုက်၊ ဖုန်းကြည့်လိုက်နဲ့ ကြာလာရင် စာကို စိတ်မဝင်စားတော့ဘဲ ကျောင်းပြင်ပကို ရောက်သွားမှာကို စိုးရိမ်တယ်” ဟု ပြောသည်။
ဖုံသာချောင်းဒေသသည် ချင်းလူမျိုး အများစု နေထိုင်သည့် ဝေးလံခေါင်သီသော ဒေသတစ်ခု ဖြစ်သည်။ ထို့ ကြောင့် ခေတ်အဆက်ဆက် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ဆောင်မှု အားနည်းခဲ့သည့် အတွက် အခြားဒေသများထက် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် များစွာ နောက်ကျနေရသည်။
အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအနေဖြင့် ယခုနှစ်တွင် ပညာရေးကဏ္ဍကို လစာနှုန်းထားများ သတ်မှတ်၍ စနစ်တကျ လည်ပတ်ရန် ကြိုးပမ်းနေသော်လည်း အခြားတစ်ဖက်တွင် လူ့အရင်းအမြစ် လိုအပ်ချက်များကြောင့် အားနည်းချက်အချို့ ရှိနေသေးသည်။







