ရခိုင်က ဇာတ်သဘင်များ မြို့ပေါ်တွင်ကပြခွင့်ပိတ်ပင်ခံထားရ၍ အခက်ကြုံနေရဟုဆို

ရခိုင်က ဇာတ်သဘင်များ မြို့ပေါ်တွင်ကပြခွင့်ပိတ်ပင်ခံထားရ၍ အခက်ကြုံနေရဟုဆို

ရခိုင်က ဇာတ်သဘင်များသည် မြို့ပေါ်တွင် ကပြဖြေဖျော်ခွင့်ကို စစ်ကောင်စီ တာဝန်ရှိသူများ ပိတ်ပင်ထား၍  လုပ်ငန်းရပ်နားထားရသည်အထိ အခက်အခဲကြုံနေရသည်ဟု ဇာတ်သဘင် အသိုင်းအဝိုင်းမှ သိရသည်။

လက်ရှိ ရခိုင်တွင် ဒေသအခြေအနေတည်ငြိမ်နေသော်လည်း ဇာတ်သဘင်များကို ဒေသ အာဏာပိုင်များက မြို့ပေါ်၌ ကပြဖြေဖျော်ခွင့်မပေး၍ ယခုနှစ်တွင် လုပ်ငန်းရပ်နားထားရသည် အထိဖြစ်နေရကြောင်း ရတနာသန်းအောင်ဇာတ်သဘင်၏ ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးညွန့်မောင်က နိရဥ္စရာကိုပြောသည်။

“မြို့ပေါ်မှာ ကပြခွင့် မရဘူး။ ကျနော်တို့ ရသေ့တောင်မှာ စေတီတောင်ဘုရားပွဲမှာလည်း မရဘူး။ ရသေ့တောင် ရှင်တစ်ထောင်ပွဲဟာ အရမ်းနာမည်ကြီးပဲ။ အဲဒီမှာလည်း မရဘူး။ အလိုတော်ပြည့်ပွဲမှာလည်း ကျနော်တို့ ကဖို့ပြောတယ်။ မရဘူး။ မရဘူးဆိုတော့ ကျနော်တို့လည်း တစ်ခုမှ အဆင်မပြေဘူး ဖြစ်နေတယ်”ဟု ပြောသည်။

မြို့ပေါ်တွင် ဇာတ်သဘင်များကပြဖြေဖျော်ခွင့်ပွဲပါမိတ်ကိုပေးရန် စစ်ကောင်စီတပ်က တားမြစ်ထား၍ မြို့နယ်ထွေ/အုပ်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ကလည်း ပွဲပါမိတ်ပေး၍မရဖြစ်နေကြောင်း ဇာတ်သဘင် တာဝန်ရှိသူများကိုပြောဆိုသည်ဟု ဦးညွန့်မောင်က ဆက်ပြောသည်။

“မြို့ပေါ်မှာ လုံးဝကို ကျနော်တို့ ခွင့်ပြုလို့မရဘူး။ အားလည်း နာပါတယ်ပြောတယ်။ ကျနော်တို့မှာက မြို့ပေါ်ကိုရမှ ပိုက်ဆံအများကြီးရတယ်လေ။ တောရွာလေးတစ်ရွာမှာ သွားကလို့ ပိုက်ဆံက ဇာတ်ဖိုးတောင်မရနိုင်ဘူး။ အဲဒါ နစ်နာတာပေါ့”ဟု ပြောသည်။

ယင်းသို့ မြို့ပေါ်တွင် ကပြဖြေဖျော်ခွင့်မရကြ၍ ကျေးလက်တောရွာများတွင်သာ သွားရောက် ကပြနေကြရသည်ဟု ဇာတ်သဘင်ပိုင်ရှင်များက ပြောသည်။

ကျေးလက်များကို သွားရောက်ကပြကြရာတွင်လည်း လမ်းခရီးမကောင်း၍ သွားလာရက်ခက်ခဲပြီး စရိတ်စခများလည်း များပြားကာ အကုန်အကျများ၍ အရှုံးပေါ်နေရသည်ဟု လက်ရှိ ကပြနေသည့် အာရက္ခမဏ္ဍိုင်ဇာတ်သဘင်ပိုင်ရှင် ဒေါ်နီနီစိုးက နိရဥ္စရာကိုပြောသည်။

“နစ်နာမှုက အများကြီးရှိပါတယ်။ ကျမတို့က မြို့ပေါ်တွေမှာ ကရမှ အနုပညာသမားတွေက ပိုပြီး အဆင်ပြေမယ်။ ကျွန်းရွာလေးတွေ၊ တောရွာလေးတွေမှာဆိုရင် တွေးကြည့်လေ။ ကျမတို့က သိပ်အဆင်မပြေဘူး။ စည်ကားမှုလည်း မရှိဘူး။ မြို့ပေါ်တွေမှာ ကခွင့်ရမယ်ဆိုရင် အားလုံးသော အနုပညာသမားတွေအတွက် အဆင်ပြေမယ်”ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရသူ ဦးလှသိန်းတို့ကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

ယခုကဲ့သို့ ဇာတ်သဘင်များ မြို့ပေါ်တွင် ကပြခွင့်မရကြ၍ ရခိုင်ပြည်ရှိ ရတနာသန်းအောင်၊ ရိုးမသဇင်၊ ခိုင်ပြည်ဟိန်း၊ အာရက္ခသဇင်နှင့် အာရက္ခရင်သွီး စသည့်ဇာတ်သဘင် ၅ ခု လုပ်ငန်းရပ်နားထားရပြီး ဇာတ်သဘင်အနည်းငယ်သာ ကပြဖြေဖျော်လျက်ရှိသည်ဟု ရခိုင်ပြည်သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးထွန်းအေးက နိရဥ္စရာကိုပြောသည်။

“အဆင်မပြေဘူး။ သူတို့လည်း ရှုံးကြတော့ ဒီနှစ် ရပ်ထားရတယ်။ အခု ကနေတဲ့ဇာတ်တွေလည်း ပိုက်ဆံရှိလို့ ကနေသလို မရှိဘဲ ကနေရတဲ့ဇာတ်တွေလည်း အများကြီးရှိတယ်”ဟု ပြောသည်။

ရခိုင်တွင် ဇာတ်သဘင်များသည် ပုံမှန်ဆိုလျှင် ယခုကဲ့သို့ ပွင့်လင်းရာသီများဖြစ်သည့် အောက်တိုဘာလမှ ဧပြီလအထိ ကပြဖြေဖျော်တတ်ကြကြောင်း သိရသည်။

သို့ရာတွင် အဆိုပါဇာတ်သဘင်များသည် ရခိုင်တွင် ၂ဝ၁၈ ခုနှစ်မှစတင်ကာ တိုက်ပွဲများပြင်းထန်ခဲ့မှုနှင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့မှုတို့ကြောင့် ၃ နှစ်ခန့် ကပြဖြေဖျော်ခွင့်မရခဲ့၍ အခက်အခဲအကျပ်အတည်း များစွာဖြစ်ပေါ်ခဲ့သေးသည်။

July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 15, 2026
မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် တည်ရှိသော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၄) သည်...
July 14, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြီးခဲ့သည့်အပတ်က ရေကြီးရေလျှံမှုဖြစ်ပွားစဉ်အတွင်း...