စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲနီးလာချိန် ကျေးရွာအုပ်ချုပ်ရေးမှူများနှင့် ဆက်စပ်လုပ်ကိုင်သူများ ဆက်တိုက်ပစ်သတ်ခံရ

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲနီးလာချိန် ကျေးရွာအုပ်ချုပ်ရေးမှူများနှင့် ဆက်စပ်လုပ်ကိုင်သူများ ဆက်တိုက်ပစ်သတ်ခံရ

စစ်ကောင်စီ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲနီးလာချိန်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပါအဝင် ရွေးကောက်ပွဲအတွက် ပါဝင်ဆောင်ရွက်လုပ်ကိုင်နေသည့် ဝန်ထမ်းများ အသက်ခံရမှုမှာ တဖြည်းဖြည်း  တိုးပွားလာနေသည်ဟု ဒေသအတွင်း သတင်းများအရ သိရသည်။

ယမန်နေ့ နေလယ်ပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်၊ (၆၉)လမ်း၊ လမ်း (၄၀)နှင့် (၄၁) လမ်းကြားနေ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောဆိုသူအား နေအိမ်ရှေ့တွင် ပစ်သတ်ခဲ့ ကြောင်း Special Task Force – Mandalay (STF – MDY) က ထုတ်ပြန်ပြောဆိုထားသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အမှတ်၂ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမြင့်‌‌အောင် (၆၅) နှစ်သည် ဇန်နဝါရီလ ၁၄ ရက် နေ့လယ်တွင် ကျုံဒိုးတောင်ပေါ်ကျောင်းဘုန်းကြီး‌ကျောင်းသို့ ရေသွားလှူရန် တက်သွားစဉ် အမည်မသိလူတစ်စု၏ ပစ်သတ်ခံရပြီး သေဆုံးခဲ့သည်ဟု မြို့ခံများက ပြောသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာတွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်ထွန်းသည်လည်း ဇန်နဝါရီ ၁၄ ရက် ပစ်သတ်ခံရ၍ သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းအရင်း အမြစ်များထံမှ သိရသည်။

STF – MDY အဖွဲ့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင် ရပ်ကွက်၊ (၈၄)လမ်း၊ ဦးပွားဂုံးကျော် အဆင်းလမ်း (ဗိုလ်အိမ်လမ်း) ထောင့်ရှိ ဝသုန္ဒြေဓမ္မာရုံအတွင်း စစ်ကောင်စီ၏ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေမှုအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီအတွက် လူဦးရေစာရင်းကောက်ယူနေသည့် ထွေ/ အုပ် ဝန်ထမ်းအမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးတို့ကို စစ်ကိုင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးခံထား ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG ၏ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၉ ရက်နေ့ကလည်း တနင်္သာရီ၊ လောင်လုံးမြို့နယ်တွင် လူဦးရေစာရင်းကောက်ယူနေသည့် ရပ်ကျေး အဖွဲ့အား လုံခြုံရေးယူပေးရသည့် စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ် သိန်းထိုက် ပစ်သတ်ခံခဲ့ရကြောင်း သိရှိရသည်။

ထိုအပြင် ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာတွင် လူဦးရေ စာရင်း ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူးနှင့် စာရေး တို့ကို ရှင်းလင်းပစ်ခဲ့ကြောင်း သထုံပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကထုတ်ပြန် ပြောဆိုထားသည်။

အလားတူ ကျိုက်ထိုမြို့နယ်၊ ကင်မွန်ချောင်းရွာမှ ဆယ်အိမ်မှူးနှင့် အခြားသူတစ်ဦးလည်း လူဦးရေစာရင်း ကောက်ခံပေးမှုဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရှိရသည်။

“ပြည်သူတွေသဘောမတူတာကို အထက်က ဖိခိုင်းတော့ အောက်ခြေက လူတွေ အသတ်ခံနေရတယ်။ စစ်ကောင်စီက လုံခြုံရေးလည်း ယူပေးနိုင်တာမဟုတ်ဘူး။ သူတို့ကံပဲပြောရမှားလား။ ဆုံးသူက ဆုံးသွားပြီ”ဟု မန္တလေး ချမ်းမြသာစည်တွင် နေထိုင်သူ အမျိုးသမီးက ပြောသည်။

ယခုကျင်းပမည့် စစ်ကောင်စီရွေးကောက်ပွဲကြောင့် အသတ်ခံရသူ၊  သေဆုံးသူ အရေအတွက် ရှေ့မှာလည်း တိုးလာနိုင်သဖြင့် စိုးရိမ်စရာဖြစ်နေသည်ဟု သူမက ပြောသည်။

စစ်ကောင်စီကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ကန့်ကွက်မှုများအနေဖြင့် စာရင်းအမှားများ ပေးကြရန်နှင့် လူဦးရေစာရင်း ကောက်ခံမှုများအား မှတ်သားပြီး သတင်းပေးပို့ကြပါရန်  အမျိုးသားညီညွတ်ရေး အစိုးရ NUG က ပြည်သူများအား မေတ္တာရပ်ခံအပ်ပါသည်ဟု ထုတ်ပြန်ကြေငြာထားသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများ၌ လူဦးရေစာရင်းကောက်ယူရာ ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ထိုအတောအတွင်း  မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ကရင်နှင့် ချင်းပြည်တို့တွင် တိုက်ခိုက်ခံရမှု ၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီ၏ ဇန်နဝါရီ ၁၄ ရက်နေ့ သတင်းစာတွင် ပြောဆိုထားသည်။

တစ်နိုင်ငံလုံး လူဦးရေ စာရင်းကောက်ယူမှုအား ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဟု လည်း စစ်ကောင်စီက ကြေငြာထားသည်။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...