NUG နှင့် PDF တို့အား ထောက်ပံ့ကူညီသည်ဟုစွပ်စွဲကာ သံတွဲမှပန်းချီဆရာမတစ်ဦးကို ထောင် ၁၀ နှစ်ချမှတ်ခံရမှုမှာ လုံး၀မတရားဟုဆို

NUG နှင့် PDF တို့အား ထောက်ပံ့ကူညီသည်ဟုစွပ်စွဲကာ သံတွဲမှပန်းချီဆရာမတစ်ဦးကို ထောင် ၁၀ နှစ်ချမှတ်ခံရမှုမှာ လုံး၀မတရားဟုဆို

NUG နှင့် PDF တို့ကို ထောက်ပံ့ကူညီသည်ဟုဆိုကာ ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ပန်းချီဆရာမ မရွှန်းစန္ဒာ (ခေါ်) မဒေးဒေးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)ဖြင့် သံတွဲခရိုင်တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ခြင်းမှာ လုံး၀ တရားမျှတမှုမရှိဟု သူမနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောကြားသည်။

သူမနှင့် နီးစပ်သူ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးက “ ကျွန်မသူငယ်ချင်းကို တိတ်တိတ်ကလေး ထောင်ချထားတယ်။ မတရားချထားတာ။ သတင်းလည်း အမှောင်ချခံထားရတယ်။ ဒီလိုလုပ်ရပ်ကို သည်းမခံနိုင်လွန်းလို့ ပြောပြတာ။ သူ့မှာ ဘာအပြစ်မရှိဘူး”ဟု ပြောသည်။

သံတွဲမြို့၊ အမှတ် ၅ ရပ်ကွက်နေ အသက် ၃၂ နှစ်အရွယ် ပန်းချီဆရာမ မရွှန်းစန္ဒာ (ခေါ်) မဒေးဒေးကို လွန်ခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်က၊ သံတွဲခရိုင်တရားရုံးမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)ဖြင့် ထောင် ၁၀ နှစ်ချမှတ်ခဲ့သည်ဟု ၎င်းကပြောသည်။

"နှစ်မကူးခင် အလျင်စလိုချလိုက်တာပါ။ ဒီသံတွဲထောင်မှာပဲ အခုကတော့။ ကျန်းမာရေးက သူကအိပ်မပျော်တဲ့ဟာရှိတယ်။ ဗိုက်အောင့်၊ ဗိုက်နာလည်းဖြစ်တယ်။ သူတို့စွဲတာက အကြမ်းဖက်ဥပဒေနဲ့စွဲတာပါ။ ဒါပေမယ့်သူ့မှာက ဘာမှမရှိပါဘူး။ လက်သုံးချောင်းထောင်တာနဲ့ ကံစမ်းမဲပို့စ်လေးတခုရှဲတာပဲရှိတာပါ။ သူ့မှာကအကြမ်းဖက်တာဘာတွေလည်းမရှိပါဘူး" ဟုပြောသည်။

သူမကို ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၇ ရက်နေ့က ၎င်း၏ မုန့်ဆိုင်မှ ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် သံတွဲမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။

မရွှန်းစန္ဒာသည် သူမ၏ ဖေ့စ်ဘုတ်အကောင့်တွင် NUG,PDF တို့၏ ရန်ပုံငွေကံစမ်းမဲအစဉ်ပို့စ်အား သူမ၏ ပို့စ်မှ မျှဝေထားသဖြင့် NUG,PDF တို့ကို ထောက်ပံ့သည်ဟု ဆိုကာ အကြမ်းဖက်မှုဖြင့် ဖမ်းဆီး ထောင်ချလိုက်သည်ဟု သူမနှင့်နီးစပ်သူက ဆက်လက် ပြောသည်။

သူသည် ပန်းချီဆရာမ တစ်ဦးလည်းဖြစ်သလို အွန်လိုင်းမှ တစ်ဆင့် အစားအသောက်များ ရောင်းချနေသူလည်းဖြစ်ပြီး  လက်ရှိတွင် သူမကို သံတွဲမြို့ အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်းသိရသည်။

အဆိုပါ လူမှုကွန်ရက်မှ ပိုစ့်လေးတစ်ခုကြောင့် ယခုကဲ့သို့ ထောင် (၁၀) နှစ်ထိ ကြီးလေးသော ပြစ်ဒဏ်ချမှတ်ခြင်းမှာ လုံး၀ မဖြစ်သင့်ကြောင့် သံတွဲမြို့ခံတစ်ဦးကပြောသည်။

ရခိုင်တွင် NUG,PDF တို့နှင့် ဆက်စပ်မှု သံသယ၊ ထောက်ပံ့သည့် သံသယဖြင့် ဒေသခံ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားပြီး ထိုအထဲက  သံတွဲမှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး ၃ ဦးတို့မှာလည်း ထောင်ဒဏ်အသီးသီးချမှတ်ခံထားရသည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...