Grand Royal အရက်ချက်စက်ရုံ မီးလောင်မှု Level 3 အဆင့်ထိ ရောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ကျော် ဆေးရုံများသို့ ပို့ဆောင်ထားရဟုဆို

Grand Royal အရက်ချက်စက်ရုံ မီးလောင်မှု Level 3 အဆင့်ထိ ရောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ကျော် ဆေးရုံများသို့ ပို့ဆောင်ထားရဟုဆို
MFSD၊ ရွှေမေတ္တာလူမှုကူညီရေး ပရဟိတ အသင်း
MFSD၊ ရွှေမေတ္တာလူမှုကူညီရေး ပရဟိတ အသင်း

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ် (၄) လမ်းမကြီးပေါ်ရှိ Grand Royal အရက်ချက်စက်ရုံသည် ယမန်နေ့ (ဇန်နဝါရီလ ၁၃ ရက်နေ့) ညနေ ၃ နာရီခွဲအချိန်က  စတင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူပေါင်း ၃၀ ကျော်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ တစ်ဆင့် သိရှိရသည်။

မီးလောင်စဉ်အတွင်း အရက်ချက်စက်ရုံ ဗွိုင်လာအိုးများ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ဒဏ် ရာရရှိမှု အများအပြားဖြစ်ပေါ်ခဲ့ကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရှိရသည်။

“အတိအကျတော့ မသိရသေးဘူး။ အခုလောလောဆယ်တော့ အင်းစိန် (ဆေးရုံ)ကို ၂၈ ယောက်နဲ့ ရန်ကုန် (ဆေးရုံ)ကို ၄ ယောက်တော့ ပို့ထားရတယ်”ဟု ရွှေမေတ္တာလူမှုကူညီရေး ပရဟိတအသင်း အဖွဲ့ဝင်တစ်ဦးမှ ယမန်နေ့ ညက ပြောကြားသည်။

မီးလောင်မှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းဝင်များပါ ထိခိုက်ဒဏ်ရာရရှိမှုများ ကြုံတွေ့ခဲ့ရပြီး အများစုသည် အရေပြားအပူလောင်သည့် ဒဏ်ရာအများဆုံးဖြစ်ကြောင်းကိုလည်း ပရဟိတ အသင်းဝင်များထံ မှ သိရှိရသည်။

မီးလောင်မှု စတင်ဖြစ်ပွားချိန် Level 2 အဆင့်သာရှိခဲ့ပြီး  ၁၀ မိနစ်အကြာတွင် Level 3 အဆင့်သို့ရောက်ရှိခဲ့ပြီး ည ၈ နာရီ  ၃၇ မိနစ်မှ  မီးထိန်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ကြေညာသည်။

သို့သော်လည်း ည ၉ နာရီကျော်သည် အထိ မီးကြွင်းမီးကျန်များကို ဆက်လက်ငြှိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။

မီးလောင်မှုကြောင့် စက်ရုံရှိ အရက်ဆီ ဂါလန် ငါးသောင်းဆံ့ ကန် ၃ လုံး၊ အရက်ဆီလီတာ နှစ်သောင်းဆံ့ ကန် ၆ လုံးနှင့် ဂိုဒေါင် ၃ လုံးတို့ လောင်ကျွမ်းခဲ့ပြီး ညနေ ၅ နာရီအချိန်တွင်  စက်ရုံအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့်  မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး ဒဏ်ရာရခဲ့ပြီး အင်းစိန်ဆေးရုံကို ပို့ဆောင်ထားရကြောင်း ဖော်ပြထားသည်။

မီးလောင်ကျွမ်းမှုကို Level ၃ အဆင့် သတ်မှတ်ငြှိမ်းသတ်ခဲ့ရပြီး ရန်ကုန်တိုင်းရှိ  မီးသတ်စခန်းများမှ မီးသတ်ယာဥ် အစီး ၆၀၊ မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀ ကျော်ဖြင့်  ငြှိမ်းသတ်ခဲ့ရသည်ဟု သိရှိရသည်။

July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 15, 2026
မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် တည်ရှိသော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၄) သည်...
July 14, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြီးခဲ့သည့်အပတ်က ရေကြီးရေလျှံမှုဖြစ်ပွားစဉ်အတွင်း...