စစ်ကောင်စီက ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲတွင် ရခိုင်ဦးဆောင်ပါတီ ( AFP) ပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းရွေးကောက်ပွဲသည် မြန်မာနိုင်ငံရေး၊ စစ်ရေးအကျပ်အတည်း၏ ထွက်ပေါက်ဖြစ်သည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဌ ဒေါက်တာအေးမောင်က နိရဉ္စရာ သတင်းဌာနကို ပြောသည်။
"မြန်မာနိုင်ငံရေးအကျပ်အတည်း၊ စစ်ရေးအကျပ်အတည်းက ထွက်နိုင်တဲ့ ထွက်ပေါက်ဟာ ရွေးကောက်ပွဲ။ ဒီဟာကြီးကို သေသေချာချာစဉ်းစားရင် ထွက်ပေါက်လို့မြင်တက်လာလိမ့်မယ်"ဟု သူက ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွက် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းခဲ့သည်။
ယင်းနောက် (၂၀၂၃) ခုနှစ်တွင် ရွေးကောက်ပွဲတစ်ရပ်ပြန်လည်ကျင်းပကာ ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။
ဒေါက်တာအေးမောင်က "ရွေးကောက်ပွဲကြီးမဖြစ်အောင်လုပ်လည်း ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အခုလိုပဲ နှစ်နှစ် နှစ်နှစ်စီ ကာလခြားပြီး ပေးပိုင်ခွင့် ရှိတယ်။ အဲ့ဒီလို ဆက်သွားမှာလား။ ပြည်ထောင်စုတစ်ခုရဲ့ လက်ရှိပြည်သူအားလုံးရဲ့ အားသာချက်ဖြစ်အောင် ဘယ်လိုလုပ်မလဲ။ အများတောင်းနေကြတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို ဒီအချိန်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အမြန်ဆုံးပြင်နိုင်အောင်၊ အသစ်ပြန်ရေးနိုင်အောင် ကျနော်တို့ မညှိနှိုင်းနိုင်ဘူးလား။ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ သွေးမြေကျပြီးမှ ကိုယ်လိုချင်တဲ့နေရာတွေကိုနေရာကို ရအောင်ယူမှာလား။ သေနတ်ကိုရင်ဆိုင်ထားပြီးမှ ဆွေးနွေးညှိနှိုင်းပြီးမှ အဖြေရအောင် ထုတ်မှာလား။ ဒါက ဉာဏ်ရည်နဲ့ဆိုင်တယ်"ဟု ပြောသည်။
စစ်ကောင်စီသည် လာမည့် ရွေးကောက်ပွဲတွင် PR(အချိုးကျကိုယ်စားပြုစနစ်) နှင့် ကျင်းပရန် စီစဉ်နေပြီး လက်ရှိ ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေစာရင်းများကို ဇန်နဝါရီ (၉) ရက်နေ့မှစတင်ကောက်ခံနေပြီဟု သိရသည်။
အဆိုပါ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံတကာနှင့် မြန်မာနိုင်ငံရေးအသိုင်းအဝိုင်းကြား ဝေဖန်ကန့်ကွက်မှုများရှိနေပြီး စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအား မဲမပေးကြရန်၊ ဝင်ရောက်မယှဉ်ပြိုင်ကြရန်နှင့် ကျင်းပခွင့်မပြုကြောင်း သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ တချို့ကလည်း သတိပေးမှု ထုတ်ပြန်ထားသည်။
"စစ်ရဲ့ဒဏ်က ရုန်းထွက်ဖို့လိုလား။ ရုန်းထွက်တော့မှာလား မရုန်းထွက်ဘူးလား။ ထပ်ပြီးတော့ SAC ကို အာဏာပေးမှာလား။ ရွေးကောက်ပွဲကို ဖျက်ဖို့လိုအပ်သလား။ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ပြီးအောင် အားပေးသင့်သလား။ ဒါက လူထုရယ်၊ နိုင်ငံတကာအဖွဲ့အစည်းများရယ်၊ နိုင်ငံခြားက ပုဂ္ဂိုလ်တွေရယ်ဆုံးဖြတ်ရမှာ။ SAC က တော့သူ့လမ်းသူသွားမှာ။ ကျနော်တို့က ဘယ်လမ်းရွေးမလဲ။ ကျနော်တို့ရဲ့အကျိုးစီးပွားကို ဘယ်လိုကာကွယ်မှာလဲ။ ဒါက ကျနော်တို့ လူထု ဆုံးဖြတ်ရမှာ "ဟု ပြောသည်။
နှစ်ပေါင်း (၇၀) ကျော် စစ်သံသရာလည်နေသည့် မြန်မာနိုင်ငံမှာ ယခုလာမည့် ရွေးကောက်ပွဲကို ဖျက်ရန်လိုအပ်သလား၊ အားပေးသင့်သလားဆိုသည်မှာ ပြည်သူလူထု နှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ကောင်းစွာဆုံးဖြတ်သင့်သည်ဟုလည်း ဒေါက်တာအေးမောင်က ဆက်လက် ပြောဆိုသည်။

၎င်းရွေးကောက်ပွဲကို ရခိုင့်ဦးဆောင်ပါတီ(AFP) အနေနှင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟုလည်း ဒေါက်တာအေးမောင်က ဆိုသည်။
"ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မှတ်ပုံတင်ထားတဲ့ပါတီဖြစ်ပါတယ်။ နိုင်ငံရေးပါတီမှတ်ပုံတင်တဲ့ ဥပဒေမှာကိုက ရွေးကောက်ပွဲကျင်းပတဲ့အခါ အနည်းဆုံး (၃) နေရာမှာ ပြိုင်ရမယ်ဆိုတဲ့ကန့်သတ်ချက်ရှိတယ်။ အဲ့လိုမပြိုင်ရင် နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်ခြင်းခံရမယ်" ဟု ပြောသည်။
လက်ရှိ ရခိုင်တွင် လူထုထောက်ခံမှုအများဆုံးရရှိထားသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က ရခိုင်ပြည်တွင်း ရွေးကောက်ပွဲဖြစ်ခြင်းမဖြစ်ခြင်းမှာ ကျင်းပပြုလုပ်မည့်အချိန်၌ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေအပြင် မြန်မာပြည်သူတစ်ရပ်လုံး၏ ဆန္ဒအပေါ်လည်း မှုတည်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ သမိုင်းတစ်လျှောက်တွင် ရခိုင်ပြည်သူများ၏ ဘဝ ဖြစ်ပေါ်တိုးတက်မှုများအတွက် တစ်စုံတစ်ရာ အထောက်အကူပြုနိုင်ခြင်းမရှိခဲ့ဟုလည်း ပြောဆိုထားသည်။







