ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---) ကိုင်ဆောင်ထားသူ များကို စစ်တပ်လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များက ပစ်မှတ်ထား ဖမ်းဆီးမှုများ တိုးမြှင့်လုပ် ဆောင်နေကြောင်း ဒေသခံများက ပြောသည်။
ယခုလပိုင်းအတွင်း လေးမျက်နှာ၊ ရွှေသောင်ယံနှင့် ရေကြည်မြို့နယ်များတွင် ရခိုင်စစ်ဘေးရှောင် အများအပြား ဖမ်းဆီးခံခဲ့ရပြီး အများစုမှာ စစ်မှုထမ်းရန်အတွက် ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်ခံနေရသည်ဟု ဆိုကြသည်။
ဇူလိုင်လ ၁၄ ရက်နေ့က လေးမျက်နှာမြို့နယ်၊ ဇီးပင်ကွင်းနှင့် အောင်ဇံကွင်းကျေးရွာများတွင် ခိုလှုံနေသူ ရခိုင် လူမျိုး ၆ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး၊ ဇွန်လ ၁၉ ရက်နေ့ကလည်း လေးမျက်နှာမြို့နယ် ကွင်းကြီးကျေးရွာ အုပ်စုတွင် ရခိုင်လူမျိုး ၁၀ ဦးခန့်နှင့် ရေကြည်မြို့နယ်တွင် ရခိုင်စစ်ရှောင် ၂၀ ကျော်ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူအများစုမှာ စစ်မှုထမ်းရန် ပို့ဆောင်ခံရပြီး မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေ ကြောင်း ရေကြည်မြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဧရာဝတီမှာ ရခိုင်တွေ အဖမ်းခံရတာ အများကြီး။ ရုံးထုတ်တယ်လို့ ကြားတာ ၃ ကြိမ်ပဲရှိတယ်။ အကုန် အစအနပျောက်ပြီ။ ဘယ်ရောက်လို့ ဘယ်ပျောက်လည်း မသိရ။ အများစု စစ်မှုထမ်းပါတယ်။ ရှေ့တန်းပို့ တယ်။ အိမ်နဲ့အဆက်အသွယ် မရကြဘူး။ ဇွန်လထဲမှာ ရခိုင်မိသားစုတစ်စု ဖမ်းထားတဲ့ အဖေနဲ့သားတွေ ရေကြည်ရဲစခန်းမှာ ရောက်တယ်ကြားလို့ ဆိုပြီး မိသားစုက သွားစောင့်နေတာ။ မောင်းထုတ်လို့ ဒီအတိုင်း ပြန်သွားရတယ်။”
စစ်တပ်နှင့် ရဲ၊ ပြည်သူ့စစ်များသည် လမ်းဆုံလမ်းခွများနှင့် တောလမ်းများတွင် အရပ်ဝတ်များဖြင့် ကင်းပုန်းဝပ် ၍ ဖမ်းဆီးခြင်း၊ ဂိတ်များတွင် ရခိုင်မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို သီးသန့်စစ်ဆေးခြင်းများ ပြုလုပ်နေ သည်။
ထို့ပြင် ဧည့်စာရင်း မတိုင်ကြားခြင်း၊ သတင်းပို့ရန် နောက်ကျခြင်းစသည့် အကြောင်းပြချက်များဖြင့်လည်း ဖမ်းဆီးမှုများ ရှိနေသည်။
လေးမျက်နှာမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက “ရခိုင်ဘက်က လူတချို့က တောလမ်းတွေကနေ ရန်ကုန်တို့ ဘာတို့ သွားဖို့ ဧရာဝတီဘက်ကို ဝင်ရောက်လာတာ ရှိတယ်လို့ သတင်းထွက်တယ်။ သူတို့ကိုတော့ လမ်းမှာ ကင်းပုန်းဝပ်ပြီး ဖမ်းတာတွေတောင် ရှိတယ်လို့ သိရတယ်။ အရင်ကတည်းက ရောက်နေတဲ့ စစ်ဘေးရှောင်တွေ ကျတော့ ဧည့်စာရင်း ပုံမှန်မတိုင်တာ၊ အချိန်မီ သတင်းမပို့တာတွေကို အကြောင်းပြပြီး ဖမ်းတယ်။ အကြောင်း မရှိ အကြောင်းရှာပြီး ဖမ်းဆီးနေတဲ့သဘောပါ” ဟု ပြောသည်။
ဖမ်းဆီးရာတွင်လည်း ရခိုင်လူမျိုးမှန်သမျှကို အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ပုဒ်မတပ် ဖမ်းဆီးလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။
လေးမျက်နှာမြို့နယ် ဒေသခံ အမျိုးသားက “လေးမျက်နှာမှာ အခုရက်ပိုင်း ရခိုင်ပြည် ဂွမြို့နယ်က စစ်ရှောင် တချို့ ဖမ်းဆီးနေသလို တောင်ကုတ်က စစ်ရှောင် တချို့လည်း ဖမ်းခံရတယ်လို့ သိရတယ်။ ဖမ်းတာမှာ အကုန် လုံး အေအေသတင်းပေး၊ အေအေတပ်သား အဲသလို စွပ်စွဲပြီး ဖမ်းနေတာ။ သာပေါင်းကနေ လေးမျက်နှာကို မိသားစုရှိလို့ သွားတာကို အချိန်မီ မပြောလို့ အုပ်ချုပ်ရေးမှူးဆီ ရောက်ချက်ချင်း အကြောင်းမကြားလို့ ဆိုပြီး ဖမ်းတာတွေလည်း ရှိတယ်” ဟု ဆက်ပြောသည်။
လက်ရှိတွင် ရေကြည်၊ လေးမျက်နှာနှင့် သာပေါင်းမြို့နယ်ရှိ ရှေ့တန်းစစ်မျက်နှာများတွင် တိုက်ပွဲများ ပြင်းထန် လျက်ရှိရာ စစ်တပ်သည် ဒေသခံပြည်သူများနှင့် ရခိုင်စစ်ဘေးရှောင်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ စစ်မှုထမ်းရန် စုဆောင်းနေခြင်းဖြစ်သည်။
ဧရာဝတီတိုင်းအတွင်း ရခိုင်လူမျိုးများမှာ ဧည့်စာရင်းတိုင်ကြားရန်ပင် အခက်အခဲ ရှိနေသဖြင့် ပုန်းအောင်းနေ ထိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။







