ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် သူ၏ လုပ်ဖော်ကိုင်ဘက် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို ၅၀၅ ပုဒ်မအတွက် ကျခံရသည့်ပြစ်ဒဏ်မှ ၆ ပုံ တစ်ပုံ လျော့ပေါ့ခံခဲ့ရကြောင်း ဝန်ကြီးချုပ်ဟောင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၄ ရက်က ကျရောက်သည့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက မြန်မာတစ်နိုင်လုံးရှိ အကျဉ်းသား ၇ ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ရာတွင် သူတို့ နှစ်ဦးကို ထိုသို့ ပြစ်ဒဏ် လျောပေါ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
သူတို့နှင့် နီးစပ်သူတစ်ဦးက "ပုဒ်မ ၅၀၅ နဲ့စွဲတဲ့ပုဒ်မကိုလျော့တာပါ။ ကျန်တာကိုမဟုတ်ဘူး။ ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ ထဲကကို လျော့ချလိုက်တာပါ" ဟုပြောသည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည် မဲသမာမှုပုဒ်မ ၁၃၀ (က)နှင့် ထောင်ဒဏ် ၂ နှစ်၊
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅နှင့် ထောင်ဒဏ် ၉ နှစ်နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နှင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ၁၃ နှစ် ကျခံထားရပြီး စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နှင့် ထောင်ဒဏ် ၇ နှစ် နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နှင့် ထောင်ဒဏ် ၂နှစ်၊ စုစုပေါင်း ၉နှစ်ချမှတ်ခံထားရကြောင်း သိရသည်။
ထိုသို့ ထောင်သက်တမ်းကို အနည်းငယ်လျော့ပေါ့ခဲ့သော်လည်း ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုတွင် ဘယ်ဘက်မျက်စိ ခွဲစိတ်ကုသရန် လိုအပ်နေမှုကို ခွင့်ပြုပေးခြင်း မရှိဟု သမီးကြီးဖြစ်သူ မကြည်ကြည်ဦးကနိရဉ္စရာသို့ ပြောသည်။
" ထောင်သက်တမ်း နည်းနည်း လျော့လိုက်တယ်လို့ ကြားတယ်။ ဒါပေမယ့် သိပ်မထူးခြားပါဘူး။ ကျွန်မတို့ လိုချင်တာက အဖေ မျက်စိတိမ်စွဲနေတော့ ဆေးကုသခွင့်ဘဲ လိုချင်တယ်။ အထဲက ထောင်ဆရာဝန်ကတော့ မျက်စဉ်းဆေးတော့ပေးထားတယ်ပြောတယ်။ ခွဲလိုက်ရရင်တော့ပိုပြီးကောင်းမှာပေါ့။ ညမတို့သိတာက သုံး၊ လေးလောက်တော့ရှိနေပြီ ခွင့်တောင်းထားတာက။ အခုထိတော့ ဘာမှမထူးသေးဘူး" ဟုပြောသည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းများဖြစ်ကြသည့် ဦကျော်အေးသိန်း၊ ဦးကျော်လွင်၊ ဦးအောင်ကျော်ဇံနှင့် ဦးမင်းအောင် ငါးဦးစလုံးကို စစ်တွေ အကျဉ်းထောင်ထဲတွင် ထိန်းသိမ်းထားပြီး စစ်ကောင်စီက မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်မပေးကြောင်း သိရသည်။
စစ်ကောင်စီသည် ၇၅ နှစ်မြောက် မြန်မာလွတ်လပ်ရေးနေ့က ရခိုင်ပြည်တစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၃၀၀ ကျော်ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်ကိုမှ လွှတ်ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။







