ရခိုင်မှ အကျဉ်းသားအယောက် ၃၁၇ ဦးလွတ်ရာတွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးမှ မပါဝင်

ရခိုင်မှ အကျဉ်းသားအယောက် ၃၁၇ ဦးလွတ်ရာတွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးမှ မပါဝင်

စစ်ကောင်စီက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပေးသည့် ရခိုင်မှ အကျဉ်းသားအယောက် ၃၁၇ ဦးတွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးမှ မပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီ၏ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပြုရာတွင် ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှ ၅၇ ဦး၊ သံတွဲအကျဉ်းထောင်မှ ၂၀၆ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ ၂၀ ဦးနှင့် ဘူးသီးတောင် အကျဉ်းထောင်မှ ၃၀ ဦးတို့ ပါဝင်ကြောင်း သိရသည်။

သို့ရာတွင် ရခိုင်ပြည်တဝန်းမှ ထောင်အသီးသီးတွင်ရှိသည့် နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မျှ မပါဝင်ကြောင်း ရခိုင့် နိုင်ငံရေးအသိုင်းအဝန်းမှ သိရသည်။

“ကျွန်တော်တို့ လိုက်စုံစမ်းရသလောက် ရခိုင်က အကျဉ်းထောင်တွေကနေ လွတ်လာသူတွေ အထဲမှာ အခုအချိန်ထိတော့ နိုင်ငံရေးသမားတစ်ဦးမှ မပါသေးဘူးလို့ သိရပါတယ်။ လွတ်လာသူအများစုကတော့ ရာဇဝတ်မှုတွေနဲ့ ကျသူတွေများတယ်လို့ သိရပါတယ်”ဟု ပြောကြားသည်။

မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မှ လွတ်ငြိမ်းခွင့်ပေးရာတွင် မပါဝင်လာသဖြင့် စိတ်မကောင်းဖြစ်မိသည်ဟု အေအေနှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

"မတရားဖမ်းဆီးခံထားရတဲ့သူတွေကို လွတ်စေချင်တယ်။ သူတို့လွတ်ငြိမ်းခွင့်မှာလည်း ခိုးဆိုးလုယက်မှုနဲ့ အဖမ်းခံထားရတဲ့သူတွေ အများပါတယ်။ အဲဒါကြောင့်တော့ စိတ်မကောင်းဘူး။ ဝမ်းနည်းမိတယ်။ အကိုတို့က ခရီးအဝေးကြီးကနေ ဒီကိုလာခဲ့ရတာပါ။ လွတ်မလားလို့ " ဟုပြောသည်။

စစ်တွေအကျဉ်းထောင်တွင် PDFနှင့်ဆက်စပ်သည်ဟုဆိုကာ နှစ်ရှည် ဖမ်းဆီးထောင်ချခံထားရသူ တစ်ဦး၏ ပြန်လွတ်အလာကို စောင့်နေသည့် မိသားစုဝင်တစ်ဦးကလည်း "စကစကပေးတဲ့ လွတ်ငြိမ်းခွင့်က ဒီအတိုင်းလူအမြင်ကောင်းအောင်လွတ်ပေးနေတာပဲရှိတယ်။ နိုင်ငံရေးအမှုနဲ့မတရားဖမ်းဆီးခံထားရတဲ့သူတွေလည်း မပါဘူး" ဟု မှတ်ချက်ပြုသည်။

ယခုကဲ့သို့ ရခိုင်နိုင်ငံရေးအကျဉ်းသားများ ပါဝင်လာခြင်းမရှိသည့်အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောသည်။

"အဓိကတော့ နိုင်ငံရေးပုဒ်မတွေနဲ့အဖမ်းခံထားရသူတွေ ဒီကနေ့မှာလွတ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြတယ်လေ။ မျှော်လင့်ထားသလောက် မဖြစ်လာဘူး။ မဖြစ်လာတော့ သူတို့သဘောထားက ရခိုင်မှာ မကောင်းမှုဘက်ကို ဦးတည်နေတယ်လို့ပဲပြောချင်တယ်" ဟုပြောသည်။

အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်ပေးထားသည့် ရခိုင်မှ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၃၁၇ ဦးကို ယနေ့ညနေ နှစ်နာရီကျော်ခန့်က ၎င်းတို့၏အကျဉ်းထောင်များမှ လွတ်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါအကျဉ်းသားများမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ နောက်ထပ်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့် ပေးကြောင်းသိရသည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...