AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးထားသူများကို စစ်ကောင်စီက တစ်ဦးပြီးတစ်ဦးလွှတ်ပေးနေ၊ စစ်တွေမြို့တွင်ဖမ်းဆီးထားသူများအထဲက ၂ ဦးပြန်လွတ်လာ

AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးထားသူများကို စစ်ကောင်စီက တစ်ဦးပြီးတစ်ဦးလွှတ်ပေးနေ၊ စစ်တွေမြို့တွင်ဖမ်းဆီးထားသူများအထဲက ၂ ဦးပြန်လွတ်လာ

နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်ပြီးနောက် စစ်ကောင်စီက  ရက္ခိုင့်တပ်တော် ( AA)နှင့် ဆက်စပ်သံယဖြင့် ဖမ်းဆီးထားသူများကို ယခုရက်ပိုင်းအတွင်း တစ်ဦးပြီးတစ်ဦး လွှတ်ပေးနေရာ ယမန်နေ့ (ဇန်နဝါရီ ၂ ရက်)က စစ်တွေဒေသခံ ၂ ဦးလည်း လွတ်မြောက်လာသည်ဟု သတင်းရရှိသည်။

၎င်းတို့ ၂ ဦးမှာ စစ်တွေမြို့ စစ်ရုံစု ရပ်ကွက်မှ ကိုကျော်သန်းလှိုင်နှင့် စစ်တွေမြို့နယ် ရွာသာယာကျေးရွာမှ  ကိုမောင်သန်းဌေးတို့ဖြစ်ကြသည်။

သူတို့နှင့်နီးစပ်သူ တစ်ဦးက “ မနေ့က ည ၄ နာရီမှာ စစ်တွေမြို့နယ် တရားရုံးက လွတ်လာတာပါ။ သူတို့ကို ဖမ်းတာက အေအေကို ငွေကြေးကောက်ခံပေးတယ်။ နောက်ပြီး ALP က ခိုင်ပေါ်လင်းကို အေအေက ဖမ်းတဲ့အခါ ကူညီပေးသူတွေဆိုပြီး ဖမ်းသွားတာ။ အထောက်အထားဘာမှ မတွေ့တော့ ခြေရှုပ်မှုနဲ့ တရားစွဲဆိုထားတာပါ” ဟု ပြောသည်။

သူတို့ နှစ်ဦးသည် လွန်ခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။

သူတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရသူတစ်ဦးဖြစ်သူ စက်ရုံစုရပ်ကွက်မှ ကို အောင်သန်းဝင်းမှာလည်း  ယခင်ကတည်းက လွတ်မြောက်သွားပြီဖြစ်ကြောင်း သိရှိ ရသည်။

အေအေနှင့် ဆက်စပ်သည်ဟုစွပ်စွဲပြီး သံသယဖြင့် စွပ်စွဲဖမ်းဆီးခံနေရသူ တစ်ချို့ ယခုရက်ပိုင်းအတွင်းတွင်  ပြန်လွှတ်ပေးနေရာ ဇန်နဝါရီ ၁ ရက်က ကျောက်တော်မြို့နယ်မှ  ဦးဂလုန် နှင့် နောက်ထပ်ဆေးမှူး တစ်ဦး၊ မောင်တောမြို့နယ် ကြိမ်ချောင်းနစက စခန်းမှ မအေးမြစန္ဒာနှင့် ကိုမောင်မောင်ကျော် တို့ လည်း လွတ်မြောက်လာခဲ့ကြသည်။

ကျောက်တော်မြို့ စခက (၉) မှ လွတ်လာသူ နှစ်ဦးဖြစ်ကြသည့် ဦးဂလုန်နှင့် အရပ်ဆေးဆရာ တစ်ဦးသည် သရက်တစ်ပင်ရွာမှဦးမောင်စောသာနှင့်အတူ  သြဂုတ်လ (၁) ရက်နေ့က ကျောက်တော်မြို့နယ်  မဟာမုနိဘုရား မြောက်ဘက်မုခ်အနီးမှာ ဘုရားတွင်တပ်စွဲထားသည့် စစ်တပ်က ၎င်းတို့၏ဖုန်းများကို စစ်ဆေးကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ (ဦးမောင်စောသာမှာ လွတ်မြောက်လာခြင်းမရှိသေးဘဲ မတရားအသင်းဆက်သွယ်မူ ပုဒ်မ  ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည်ဟု သိရသည်။

မင်းပြားမြို့နယ်၊ ပြိုင်းတောကျေးရွာမှ မအေးမြစန္ဒာနှင့် မောင်တောမြို့နယ် အောင်သပြေကျေးရွာမှ ဆိုင်ကယ် ကယ်ရီသမား ကိုမောင်မောင်ကျော်တို့သည် မောင်တောမြို့နယ်မြောက်ပိုင်း မင်္ဂလာညွန့်ကျေးရွာမှ မောင်တောမြို့သို့ ဆိုင်ကယ်ဖြင့် အပြန် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က ကြိမ်ချောင်းနယ်ခြားစောင့် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ကြရသည်။

ယခုရက်ပိုင်းအတွင်း အေအေနှင့် ဆက်စပ်သံသဖြင့် ဖမ်းဆီးခံထားရသူများ  ပြန်လည်လွတ်လာသလို ဖမ်းဆီးထားသူများကိုလည်း တရားရုံးတင် စစ်ဆေးမှုများကို စစ်ကောင်စီက မြန်မြန်ဆန်ဆန် ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...