ဖားကန့်စစ်ရှောင်ပြည်သူများ နေရာထိုင်ခင်း အဆင်မပြေမှုကြောင့် စွန့်ပစ်မြေစာပုံများတွင် နေရာချပေးရန် လိုလား

ဖားကန့်စစ်ရှောင်ပြည်သူများ နေရာထိုင်ခင်း အဆင်မပြေမှုကြောင့် စွန့်ပစ်မြေစာပုံများတွင် နေရာချပေးရန် လိုလား

နေရာထိုင်ခင်းအခက်အခဲကြောင့် ဖားကန့်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို စွန့်ပစ်မြေစာပုံများပေါ်တွင် နေရာချပေး စေလိုကြောင်း စစ်ရှောင်ပြည်သူများပြောသည်။

ယခုနှစ် သြဂုတ်လကတည်းက ဖားကန့်မြို့နယ် မှော်ဘုံ(မဒဲ့ယန်)၊ မှော်စီဆာ၊ ဆိုင်းတောင်၊ ဟောင်ပါး၊ တာမခံ၊ နမ္မဖြစ်၊ လုံးခင်း စသည့်ကျေးရွာများတွင် စစ်ဘေးရှောင်လာကြသည့် ဆယ်ဇင်းပြည်သူများသည် စစ်ရှောင်ကာလ ၅လနီးပါး ကြာမြင့်လာပြီးနောက် နေရာထိုင်ခင်း ပိုမို ခက်ခဲလာနေသည့်အတွက် ယခုလို ဆန္ဒရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် လူမှုကူညီရေးအသင်းတစ်ခု တာဝန်ရှိသူက ပြောသည်။

”အခုလောလာဆယ်အဓိကလိုအပ်နေတာက ကိုယ်ပိုင်နေရာ လိုအပ်နေတယ်။ အခု ကုမ္ပဏီ တော်တော်များများက မြေစာတစ်ခါစွန့်ပစ် လိုက်ရင်သူတို့က ပြန်လှည့်မကြည့်တော့ဘူး။ အဲ့စွန့်ပစ်မြေစာပုံနေရာတွေမှာ စစ်ရှောင်တွေကို အကွက်ချပြီးတော့မှ နေရာပေးလိုက်ရင် သူတို့ရဲ့နေရာထိုင်ခင်း ပိုအဆင်ပြေသွားမယ်။ အခုက ဘုန်းကြီးကျောင်းတွေမှာဆိုတော့ ခက်ခဲလာတယ်”ဟု စစ်ရှောင်ကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းစစ်ရှောင်ပြည်သူအများသည် ကျေးရွာဘုန်းကြီးကျောင်းများ၊ ခရစ်ယာဘာသာရေး အဆောက်အဦးများတွင် ယာယီခိုလုံနေထိုင်နေပြီး လူဦးရေများသည့် နေရာများတွင် ခက်ခက်ခဲခဲနေထိုင်နေရသည့်အပြင် ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ကျောင်းဆောင်များတွင်လည်း ပွဲလမ်းသဘင် နှင့်အခြားဘာသာရေးကိစ္စရပ်များအတွက် အဆောက်အဦးအသုံးလိုနေသည့်အခါတွင် အခက်အခဲဖြစ်နေသည့်အတွက် ကိုယ်ပိုင်နေရာပေးစေလိုကြောင်း စစ်ရှောင်ပြည်သူတစ်ဦးက KNG ကို ပြောသည်။

”အဓိက အများစုက ဘုန်းကြီးကျောင်းတွေမှာနေရတော့ ဘုန်းကြီးတွေအတွက်လည်းကြာလာတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်။ ဒါကြီးက ဘယ်ချိန်ထိဖြစ်နေမလဲမသိဘူး။ အရမ်းကြာနိုင်မယ့်အခြေအနေဆိုပိုပြီးခက်လာဖို့ပဲရှိတယ်။ အဲ့ကြောင့် စွန့်ပစ် မြေစာပုံတွေမှာ တစ်မိသားစုကို ပေ ၃၀၊ ပေ ၄၀ ဖြစ်ဖြစ်ပေါ့ မိုးကာတဲလည်းထိုးပြီးနေရရင်တောင်အဆင်ပြေတယ်။ ကိုယ်ပိုင်နေရာလေးနဲ့ဆိုတော့ စားဖို့သောက်ဖို့ကတော့ နေရာရသွားရင်ရှာကြံစားလို့ရတယ်”ဟု ဟောင်ပါးကျေးရွာရှိ စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။

စစ်ရှောင်ပြည်သူများအတွက် နေရာချထားပေးမည်ဆိုပါက တဲထိုးရန်မိုးကာ၊ အိုးခွက်ပန်းကန်စသည့်အိမ်သုံးပစ္စည်းများပါ ထောက်ပံ့လျှူဒါန်းပေးရန် လိုအပ်လာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ရှောင်ပြည်သူများကို စွန့်ပစ်မြေစာပုံများတွင် နေရာချထားပေးရန်အတွက် ဖားကန့်သက်ဆိုင်ရာအာဏာပိုင်များ၊ ကုပ္မဏီများ၊ ရပ်ကျေးတာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းစေလိုကြောင်းလည်း စစ်ရှောင်များကိုကူညီပေးနေသည့် အသင်းများက ဆိုသည်။

ဆယ်ဇင်းစစ်ရှောင်ပြည်သူများအတွက်နေရာ ထိုင်ခင်းအပြင် ယခုနောက်ပိုင်းအစားအ သောက်ကူညီပေးသည့်လူမှုအဖွဲ့အစည်း၊ အလှူရှင်များလည်းပိုမိုနည်းပါးလာသည့်အတွက် အစားအသောက်အကူအညီများလည်း လိုအပ်နေကြောင်းသိရသည်။

စစ်ကောင်စီသည် ဆယ်ဇင်ကျေးရွာကို သြဂုတ် ၉ ရက်နေ့က လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အိမ်ခြေ ၄၀၀ ကျော်မီးလောင်ပျက်စီးခဲ့ရာ ပြည်သူ ၅၀၀၀ နီးပါးသည် မှော်ဘုံ(မဒဲ့ယန်)၊ မှော်စီဆာ၊ ဆိုင်းတောင်၊ ဟောင်ပါး၊ တာမခံ၊ နမ္မဖြစ်၊ လုံးခင်း စသည်းကျေးရွာများတွင်စစ်ရှောင်နေရ သည်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...