ကျောက်တော်မဟာမုနိဘုရားတွင် တပ်စွဲထားသည့်တပ်ဖွဲ့မှ စစ်သား ၁ ဦး ထွက်ပြေးသွား၍ စစ်ဘေးရှောင်စခန်းကို သေနတ်ပစ်ဖောက်ဝင်မွှေခဲ့ဟုဆို

ကျောက်တော်မဟာမုနိဘုရားတွင် တပ်စွဲထားသည့်တပ်ဖွဲ့မှ စစ်သား ၁ ဦး ထွက်ပြေးသွား၍ စစ်ဘေးရှောင်စခန်းကို သေနတ်ပစ်ဖောက်ဝင်မွှေခဲ့ဟုဆို

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိဘုရားရင်ပြင်တွင်တပ်စွဲထားသည့်စစ်တပ်မှ စစ်သား ၁ ဦးထွက်ပြေးသွားခဲ့သည့်အတွက် အနီးရှိ မဟာမုနိစစ်ဘေးရှောင်စခန်းကို သေနတ်ပစ်ဖောက်ကာ ဝင်ရောက်မွှေနှောက် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင်များက ပြောသည်။

မဟာမုနိစစ်ဘေးရှောင်စခန်းကို ဒီဇင်ဘာလ ၂ဝ ရက်၊ ည ၉ နာရီခန့်တွင် မဟာမုနိဘုရား ရင်ပြင်တွင်တပ်စွဲထားသည့်စစ်တပ်မှ စစ်သားအင်အား ၂ဝ ခန့် လက်နက်များဖြင့်ဝင်ရောက်ကာ သေနတ်ပစ်ဖောက်ပြီး စခန်းတစ်ခုလုံးကို ဝင်ရောက်မွှေနှောက်ရှာဖွေသွားခဲ့ခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

“ရိုက်နှက်ဖမ်းဆီးတာတွေတော့ မလုပ်ခဲ့ဘူး။ ဘာကြောင့် အခုလို ဝင်မွှေတာလဲဆိုတာ အစပိုင်းက  မသိခဲ့ဘူး။ ကျနော်တို့ နောက်ပိုင်း သိရတာက သူတို့ဆီက စစ်သား ၁ ယောက် ထွက်ပြေးသွားတဲ့ အတွက် အခုလို လာရှာတာလို့ သိရပါတယ်”ဟု ပြောသည်။

စစ်သားများ စစ်ဘေးရှောင်စခန်းအတွင်းသို့ လာမရှာမီ ဘုရားရင်ပြင်မှနေ၍ သေနတ် ၂ ချက် ပစ်ဖောက်ခဲ့သလို ည ၁၁ နာရီခန့်တွင် ရှာဖွေပြီးနောက် စစ်သားများ ဘုရားရင်ပြင်သို့ ပြန်အရောက်တွင်လည်း နောက်ထပ် သေနတ် ၂ ချက် ထပ်မံ ပစ်ဖောက်ခဲ့သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ယင်းသို့ ညအချိန်မတော် သေနတ်ပစ်ဖောက်ခဲ့မှုများနှင့် စခန်းအတွင်း လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်မွှေနှောက်ရှာဖွေခဲ့မှုတို့ကြောင့် စခန်းထဲနေသူများ အထူးစိုးရိမ်ကြောက်လန့်ခဲ့ရသည်ဟု ဆိုကြသည်။

မဟာမုနိစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၃၅၀ နှင့် လူဦးရေ ၁၆ဝဝ ကျော်ရှိပြီး ၂ဝ၂ဝ ပြည့်နှစ်အတွင်းတိုက်ပွဲများကြောင့် ကျောက်တော်နှင့်အနီးတဝိုက်ကျေးရွာမှ ထွက်ပြေးလာသည့် ဒေသခံများ ဝင်ရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

စစ်သား ၁ ဦး ထွက်ပြေးသွားသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး နိရဥ္စရာအနေဖြင့် မေးမြန်းရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ ဦးလှသိန်းတို့အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နားလည်မှုဖြင့် နှစ်ဘက် အပစ်အခတ်ရပ်စဲထားသော်လည်း မဟာမုနိဘုရားတွင် စစ်သား အင်အား ၆ဝ ခန့်က ဆက်လက်နေရာယူ တပ်စွဲထားဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သူတို့သည် ယခုနှစ် အစောပိုင်းမှစတင်ကာ မဟာမုနိဘုရားရင်ပြင်တွင်တပ်စွဲနေခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်မေလ ၂၂ ရက် နေ့လယ် ၁ နာရီခန့်ကလည်း သူတို့ထဲမှ ကိုယ်ပိုင်အမှတ် (၄၃၇/၂၁၅)ဖြစ်သူ ဒုတပ်ကြပ် ကံကောင်း (၃ဝ နှစ်)ဆိုသူသည် နောက်ထပ် စစ်သား ၂ ဦးနှင့်အတူ လက်နက်မဲ့ ထွက်ပြေးသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ဒုတပ်ကြပ် ကံကောင်းသည် ယင်းနေ့ ညနေ ၃ နာရီခန့်တွင် အနီးအနားရှိ AA တပ်စခန်းတစ်ခုသို့ သူတစ်ဦးတည်း အလင်း ဝင်ရောက်လာခဲ့ပြီး ကျန် ၂ ဦးမှာ မည်သည့်နေရာသို့ ထွက်ပြေးသွားသည်ကိုမသိခဲ့ဟု ယင်းအချိန်က AA နှင့် နီးစပ်သူတစ်ဦးက နိရဥ္စရာကိုပြောဆိုခဲ့သည်။

ယခုရက်ပိုင်းထွက်ပြေးသွားသည်ဆိုသည့် စစ်သားသည်လည်း AA ထံသို့ခိုလှုံလာခြင်းရှိ/မရှိ AA ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

AA ပြောခွင့်ရသူ ဦးခိုင်သုခက စစ်ကောင်စီဘက်မှ စစ်သားရာနှင့်ချီသည် AA ထံ အလင်းဝင်ရောက်မှုများရှိပြီး နောက်ထပ်လည်း ဝင်ရောက်လာရန် ဆက်သွယ်ထားခြင်းမျိုး ရှိနေသေးသည်ဟု ပြီးခဲ့သည့်လပိုင်းအတွင်း အွန်လိုင်းမှသတင်းစာရှင်းလင်းပွဲများတွင် သတင်းထောက်များကို ပြောဆိုခဲ့ဖူးသည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...